ဒီဇင်ဘာ ၁၆

ဘိုလီးဗီးယားနိုင်ငံ ဆန်တာခရုဇ်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေလျှံမှုကြောင့် ၂၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ပျောက်ဆုံးလျက်ရှိသည်ဟု အာဏာပိုင်များကအတည်ပြုထားကြောင်း အစိုးရအဖွဲ့က ယမန်နေ့က ပြောကြားသည်။

အရပ်ဘက်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီဇင်ဘာ ၁၄ ရက်နေ့အထိ သေဆုံးသူ ခုနစ်ဦးရှိသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ရေကြီးရေလျှံမှုများ ကျဆင်းသွားပြီးနောက် အလောင်းများထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၂ ရက်နောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Pirai မြစ်နဲ့ အခြားမြစ်လက်တက်များ ရေလျှံခဲ့ပြီး မြို့နယ် ၂၂ ခုထက်မနည်း ရေဘေးသင့်မှုဖြစ်ပွားခဲ့ကြောင်း၊ ရက်တွေကြာလာပြီး ရာသီဥတု ကောင်းမွန်လာသည်နှင့်အမျှ ရေမျက်နှာပြင်များ ကျဆင်းလာသဖြင့်  ကယ်ဆယ်ရေးအဖွဲ့များက အလောင်းများကို ရှာဖွေရန် လုပ်ဆောင်လျက်ရှိရာ သေဆုံးသူ အရေအတွက် တိုးလာဖွယ်ရှိကြောင်း ၎င်းက ပြောကြားသည်။

တရားဝင်သတင်းအချက်အလက်များအရ ရပ်ကွက်တစ်ခုလုံး ရေလွှမ်းမိုးခံရပြီး မိသားစုများစွာကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်ဟု သိရသည်။

မိုးပိုမိုရွာသွန်းမည်ဟု ခန့်မှန်းထားသဖြင့် အန္တရာယ်ရှိသော နေရာများအတွက် အစိုးရက ကြိုတင်ကာကွယ်ရွှေ့ပြောင်းမှုများကို ကြေညာခဲ့ပြီး အမျိုးသားအဆင့်အရေးပေါ်အခြေအနေ ကြေညာရန် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို