ဒီဇင်ဘာ ၁၆

အီရန်နိုင်ငံအလယ်ပိုင်း အစ်ဖာဟန်ပြည်နယ်ရှိ စက်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ဓာတ်ငွေ့အဆိပ်သင့်မှုကြောင့်  လူ ကိုးဦး သေဆုံးခဲ့ကြောင်း Fars သတင်းဌာနက ဖော်ပြခဲ့သည်။

ဘာခါခရိုင်ရှိ ဒေါလတ် စက်မှုမြို့၌ တည်ရှိသော အလုပ်ရုံ၏ ထုတ်လုပ်မှုလိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားများ၊ မီးသတ်သမားများနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အခင်းဖြစ်ပွားရာ နေရာသို့ချက်ချင်းသွားရောက်ခဲ့ကြောင်း ပြည်နယ်အကျပ်အတည်းစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်ကို Fars သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

သေဆုံးသူများသည် ထိုအလုပ်ရုံ၏အလုပ်သမားများဖြစ်ပြီး ယင်းဖြစ်ရပ်၏အကြောင်းရင်းကို သိရှိရန်စုံစမ်း စစ်ဆေးလျက်ရှိကာ ကျွမ်းကျင်သူများ၏အစီရင်ခံစာများတင်သွင်းပြီးနောက် ကြေညာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို