ဒီဇင်ဘာ ၁၆
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း မက္ကဆီကိုပြည်နယ်ရှိ ဆန်မာတီအိုအာတန်ကိုဒေသတွင် လေယာဉ်ငယ် တစ်စင်းပျက်ကျမှုကြောင့် ယမန်နေ့က ခြောက်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးအပါအဝင် လူ ၁၀ ဦးလိုက်ပါလာကြောင်း ထိုပြည်နယ်၏ အရပ်ဘက်ကာကွယ်ရေးညှိနှိုင်းရေးမှူးက သတင်းထောက်များအား ပြောကြားခဲ့သည်။ သေဆုံးသူများကို မသိရသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
အရေးပေါ်ဆိုင်ရာဝန်ထမ်းများသည် လေယာဉ်ပျက်ကျရာနေရာတွင် လုပ်ဆောင်လျက်ရှိပြီး ပြည်သူများအနေဖြင့် ထိုနေရာနှင့်ဝေးဝေးနေကြရန် ပြည်နယ်အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက တိုက်တွန်းထားကြောင်း လူမှုမီဒီယာတွင် ပြောကြားထားသည်။
တိုလူကာချိုင့်ဝှမ်းရှိ အဓိကလေကြောင်းဗဟိုချက်ဖြစ်သော တိုလူကာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကီလိုမီတာ ၅ ဒသမ ၇ အကွာရှိ စက်မှုဇုန်တစ်ခုတွင် ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၃၁ မိနစ်ခန့်က လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံ၏ အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
ထိုနေရာသို့ ဆန်မာတီအိုအာတန်ကိုမြို့တော်ဝန် သွားရောက်ခဲ့ပြီး ဒေသခံများအနေဖြင့် ယင်းနေရာမှ ရှောင်ရှားကြရန် ထပ်လောင်းပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် Jet Pro ကုမ္ပဏီပိုင်ဖြစ်ကြောင်းနှင့် မြေပြင်ပေါ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ၎င်းကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


