ရန်ကုန် ဒီဇင်ဘာ ၁၆
ဆီးဂိမ်း အမျိုးသား+အမျိုးသမီး Mixed လေးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၆ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်း ပူးတွဲကြေးတံဆိပ်ဆုရရှိခဲ့သည်။
ကြေးတစ်ခုရရှိ
ဗိုလ်လုပွဲတွင် အိမ်ရှင်ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို နှစ်ပွဲပြတ်အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုရရှိသည်။ မြန်မာအသင်းသည် အုပ်စုအဆင့်တွင် သုံးပွဲစလုံးအနိုင်ရပြီး အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်သော်လည်း ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားအသင်းကို အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ပြီး ပူးတွဲကြေးတံဆိပ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာပိုက်ကျော်ခြင်း အသင်းသည် ပိုက်ကျော်ခြင်းအားကစားနည်း၌ ပြိုင်ပွဲအမျိုးအစား ငါးမျိုးယှဉ်ပြိုင်ထားရာ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်သုံးခု ရရှိထားသည်။ ကွင်းသွင်းခြင်းခတ် အမျိုးသားပြိုင်ပွဲတွင် ငွေတစ်ခု၊ အမျိုးသမီးပြိုင်ပွဲတွင် ငွေတစ်ခု၊ သုံးယောက်တွဲအသင်းလိုက် အမျိုးသားပြိုင်ပွဲတွင် ကြေးတစ်ခု၊ အမျိုးသမီးပြိုင်ပွဲတင် ကြေးတစ်ခု၊ အမျိုးသား+အမျိုးသမီး Mixed လေးယောက်တွဲပြိုင်ပွဲတွင် ကြေးတစ်ခုရရှိထားခြင်းဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် နောက်ဆုံးပြိုင်ပွဲနှစ်ခုအဖြစ် လေးယောက်တွဲ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်နေပြီး ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းမှစ၍ အုပ်စုပွဲများ စတင်ကျင်းပလျက်ရှိသည်။ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းသည် အဖွင့်ပွဲ၌ ထိုင်းအသင်းကို ၂ - ၁ ပွဲဖြင့် အရေးနိမ့်သော်လည်း ဒုတိယပွဲတွင် အင်ဒိုနီးရှားအသင်းကို နှစ်ပွဲပြတ် အနိုင်ရရှိသည်။ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်ထိုင်းအသင်းကို ၂-၁ ပွဲဖြင့် ရှုံးနိမ့်သည်။ အုပ်စု လက်ကျန်ပွဲများကို ဒီဇင်ဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
ထွဏ်းသွေးအိမ်


