နေပြည်တော် ဒီဇင်ဘာ ၁၆

 

စစ်ကိုင်းမြို့၌ ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ငါးသန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၆ ရက်ညနေ ၄ နာရီတွင် စစ်ကိုင်းမြို့ ရွာထောင် (မီးရထား) ရပ်ကွက် ဈေးလမ်းရှိ စိုးလွင်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်မှ စိုးလွင်နှင့် ခင်ဆွေမြင့်တို့ နှစ်ဦး အား ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် HYUNDAI PORTER II ယာဉ်နှင့်အတူ မိုးမင်းစံနှင့် မျိုးသူရတို့ နှစ်ဦးကို ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းကိုလည်းကောင်း၊ အလားတူ TOWNACE LIGHT TRUCK ယာဉ်နှင့်အတူ ချစ်ကိုကိုနိုင်နှင့် ခင်မောင်ဇော်တို့ နှစ်ဦးအား ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၃၇ ဒသမ ၀၅ သိန်းကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် စုစုပေါင်း ဘိန်းဖြူ ၅၇ ဒသမ ၉၁၅ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၂ ဒသမ ၈၉၅၇၅ ဘီလီယံ) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၇ သန်း(၎င်းဒေသ တန်ဖိုးငွေကျပ် ၁၂ ဒသမ ၆၇၅၁ ဘီလီယံ) တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ၁၅ ဒသမ ၅၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်။ 

 

ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်များအရ ဥတ္တရသီရိမြို့နယ် ကျွဲရှင်းကျေးရွာနေ ဘုန်းမြတ်စံ (ခ) သားငယ် (ဖမ်းဆီးရန်ကျန်) နှင့် ချမ်းမြသာစည်မြို့နယ်နေ အောင်နိုင် (ခ) ဖက်တီး (ဖမ်းဆီးရန်ကျန်) တို့၏ အစီအစဉ်ဖြင့် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်နေ တာဝန်ခံသယ်ဆောင်သူ ထွန်းထွန်းနိုင် (ဖမ်းဆီးရန်ကျန်) သည် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ တစ်ဆင့်သယ်ဆောင်ပြီး မန္တလေးမြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်