ကိုင်ရို ဒီဇင်ဘာ ၁၆
အီဂျစ်လခြမ်းနီအသင်းသည် စောင် ၉၀၀၀၊ ဆောင်းရာသီအဝတ်အထည် အမျိုးအစားပေါင်း ၅၃၂၀၀၊ မွေ့ရာ ၃၄၀၀၊ ယာယီရွက်ဖျင်တဲ ၁၁၀၀၀ အပါအဝင် ဆောင်းရာသီကယ်ဆယ်ရေးပစ္စည်းများ ဒီဇင်ဘာ ၁၆ ရက်က ဂါဇာသို့ ထပ်မံပေးပို့ခဲ့သည်ဟု ပြောကြားခဲ့သည်။
ရာသီဥတုအခြေအနေဆိုးရွားပြင်းထန်နေချိန်တွင် ယခုကဲ့သို့ ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းသည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများကို ကူညီထောက်ပံ့နေသည့် အီဂျစ်၏ ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းအားထုတ်မှုများထဲမှ တစ်ခုဖြစ်သည်။
အီဂျစ်က ဂါဇာသို့ ကူညီထောက်ပံ့ရေးပစ္စည်းများပေးပို့ခြင်းတွင် စားရေရိက္ခာနှင့် ဂျုံမှုန့်တန် ၃၉၀၀၊ ဆေးဘက်ဆိုင်ရာနှင့် ကူညီထောက်ပံ့ရေးပစ္စည်းတန် ၂၉၀၀၊ ရေနံထွက်ကုန်တန် ၁၂၀၀ အပါအဝင် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်း တန်ချိန် ၈၀၀၀ ကျော်ပါဝင်သည်။
အီဂျစ်လခြမ်းနီအသင်းက ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ အကူအညီပေးရေး ပဏာမခြေလှမ်း စတင်ခဲ့သည့် ဇူလိုင်လနှောင်းပိုင်းမှစကာ ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးယာဉ်တန်းစေလွှတ်ခြင်းသည် ယခုတစ်ကြိမ်နှင့်ဆိုလျှင် အကြိမ်ပေါင်း (၉၅)ကြိမ်ရှိပြီဖြစ်သည်။
လွန်ခဲ့သောနှစ်နှစ် ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတန်ချိန်ပေါင်း ၅၀၀၀၀၀ ကျော် ပေးပို့ခဲ့ပြီးဖြစ်သည်ဟု အီဂျစ်လခြမ်းနီအသင်းက ပြောသည်။
ဆင်ဟွာ


