ဒီဇင်ဘာ ၁၇

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နှစ်ရက်ဆက်တိုက် မြင်ကွင်းမကောင်းမှုကြောင့် ယမန်နေ့က လေယာဉ်ခရီးစဉ် ၁၂၆ ခုထက်မနည်းဖျက်သိမ်းခဲ့ရကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ဒေလီအပြည်ပြည်ဆိုင်ရာလေဆိပ်၏တာဝန်ရှိသူတစ်ဦးက မနက်ခင်းအချိန်များတွင် မြူထူထပ်စွာကျရောက်ပြီး မြင်ကွင်းရှင်းလင်းမှု အားနည်းသွားခြင်းကြောင့် လေဆိပ်တွင် ထွက်ခွာမည့် လေယာဉ် ၄၉ စင်းနှင့် ဆိုက်ရောက်မည့် လေယာဉ် ၇၇ စင်း ပျံသန်းမှုကို ရပ်ဆိုင်းထားခဲ့ရသည်ဟု ပြောကြားသည်။

ခရီးသွားများ နှောင့်နှေးမှုများနှင့် အနှောင့်အယှက်များ ဖြစ်ပေါ်စေနိုင်ကြောင်း ဒေလီလေဆိပ်က သတိပေးပြောကြားကာ ယမန်နေ့အစောပိုင်းက မြူခိုးသတိပေးချက် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယမြို့တော်နှင့် ၎င်း၏ဆင်ခြေဖုံးဒေသများတွင် မြူထူထပ်စွာ ဖုံးလွှမ်းနေသောကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ ဖျက်သိမ်းခဲ့ရသည် သို့မဟုတ် နှောင့်နှေးခဲ့ရသည်ဟု မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို