ဒီဇင်ဘာ ၁၇

လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အယ်လ်-ဟာနီယာမြို့ ကမ်းရိုးတန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများပါရှိသော သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို ယမန်နေ့က ကယ်တင်နိုင်ခဲ့ကြောင်း လစ်ဗျားနိုင်ငံ၏ တရားမဝင် လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ၏ အယ်လ်-ဂျာဘယ် အယ်လ်-အက်ဒါဌာနခွဲက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အဆိုပါသင်္ဘောပေါ်ရှိ ရွှေ့ပြောင်းနေထိုင်သူအားလုံးကို ကယ်တင်နိုင်ခဲ့ပြီး အယ်လ်-ဘေဒါ ထိန်းသိမ်းရေးနှင့် ဧည့်ဂေဟာသို့ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ၎င်းတို့အားလုံးအရေးပေါ်ကုသမှုနှင့် လိုအပ်သော ဆေးကုသမှုများ ခံယူခဲ့ကြောင်း အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် အချို့သောသူများ အနည်းငယ် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းဖြစ်ရပ်သည် ဆိုးရွားသော ရာသီဥတုအခြေအနေကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံသည် ဥရောပနှင့် ၎င်း၏ ရှည်လျားသော မြေထဲပင်လယ်ကမ်းရိုးတန်းနှင့် ပထဝီဝင်အနေအထားအရ နီးကပ်နေခြင်းကြောင့် ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်သူများအတွက် အဓိက ဖြတ်သန်းသွားလာရာနေရာတစ်ခု ဖြစ်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို