ရန်ကုန်   ဒီဇင်ဘာ   ၁၇

(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏   ဘိလိယက်နှင့်  စနူကာပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး  မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့   ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊  ကြေးတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည်။

မြန်မာဘိလိယက်အဖွဲ့သည် ရွှေတံဆိပ်တစ်ခု၊  ငွေတံဆိပ်တစ်ခု၊ မြန်မာစနူကာအဖွဲ့သည်  ကြေးတံဆိပ်သုံးခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။  မြန်မာဘိလိယက်အဖွဲ့အတွက် ရွှေတံဆိပ်ဆုကို ပေါက်စ၊ နေသွေးဦးနှင့် အောင်ဌေးတို့ ပါဝင်သည့်အသင်းက အသင်းလိုက်ပြိုင်ပွဲတွင် ရယူနိုင်ခဲ့ပြီး ငွေတံဆိပ်ဆုကို တစ်ဦးချင်းပြိုင်ပွဲမှ ပေါက်စက ရယူပေးခဲ့သည်။ မြန်မာစနူကာအဖွဲ့အတွက် ကြေးတံဆိပ် သုံးခုကို စနူကာတစ်ဦးချင်းပြိုင်ပွဲမှ ဘုန်းမြင့်ကျော်  (ခ)  အားတီက တစ်ခု၊   အသင်းလိုက်ပြိုင်ပွဲတွင် တစ်ခုနှင့်  6  Red  တစ်ဦးချင်းပြိုင်ပွဲတွင်  နေမင်းထွန်းက တစ်ခုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာဘိလိယက်နှင့်  စနူကာအဖွဲ့သည်  ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်ငါးခုအထိ ရယူနိုင်ခဲ့သဖြင့် (၃၃)ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရသည့် မြန်မာအားကစားအဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MSYA