နေပြည်တော် ဒီဇင်ဘာ ၁၇

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ လေဆိပ်တွင် ပူတာအိုခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပူတာအိုခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများအား ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဦးစွာ ပူတာအိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ခရိုင်အတွင်းရှိ ဒေသဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်‌များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ချေးငွေများထုတ်ချေးထားရှိမှု၊ ဒေသအတွင်း ဆန်စပါးနှင့် ဆီဖူလုံမှုရှိစေရေး စီမံဆောင်ရွက်လျက်ရှိမှု၊ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရိုင် အတွင်း MSME လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ဒေသ ဝမ်းစာအတွက် ၂၀၂၄ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မြစ်ကြီးနား- ပူတာအို လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားရေရိက္ခာများ၊ ဆေးဝါးများ၊ လယ်ယာသုံးစက်များ အသုံးပြုရန်အတွက် စက်သုံးဆီများကို တပ်မတော် လေယာဉ်များဖြင့် ပို့ဆောင်ပေးမှုအတွက် ကျေးဇူးတင်ရှိမှု၊ ပူတာအို၏ အဓိကလမ်းမကြီးဖြစ်သည့် မြို့တွင်း ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဆိုလာစနစ်သုံး လမ်းမီးတပ်ဆင်ပေးနိုင်ရန်နှင့် ဒေသအတွင်း အလုပ်သမားမှတ်ပုံ တင်ကတ်ပြားနှင့် ယာဉ်မောင်း လိုင်စင်များပြုလုပ်ရာတွင် အဆင် ပြေစေရန်အတွက် ပူတာအိုမြို့၌ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနများ လာရောက်ဖွင့်လှစ်ပေးနိုင်ရေးနှင့် ဒေသခံပြည်သူ ဦးမြင့်အောင်က မွေးမြူရေးလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် တိရစ္ဆာန်အစာများ လုံလောက်စွာ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှုတို့ကို တင်ပြကြသည်။

ယင်းနောက် ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြမှုများအပေါ် ပူတာအိုခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ စပါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်း ထက် ရှိပြီးစိုက်ဧကများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီ‌ရန်လိုကြောင်း၊ ၄၉ ဒသမ ၀၈ ရာခိုင်နှုန်း သာထွက်ရှိ၍ သတ်မှတ်ပန်းတိုင် အထွက်နှုန်းပြည့်မီရေး လိုအပ်သည့် ယူရီးယားသဘာဝဓာတ်မြေ ဩဇာနှင့် သွင်းအားစုများဖြည့်တင်းခြင်းနှင့် သတ်မှတ်ကောက်ကွက် ပြည့်မီအောင် စိုက်ပျိုးရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ တောင်သူများစိုက်ပျိုးရေး အသိပညာများရရှိရေး ဆောင်ရွက်သွားရန်၊ MSMEကဏ္ဍနှင့်ပတ်သက်၍ ခရိုင်အတွင်း စားကုန်၊ သောက်ကုန်၊ သုံးကုန်များ ဒေသအတွင်း ဖူလုံစွာထုတ်လုပ်သွားရန်၊ မဂွေဇ-ခေါင်လန်ဖူး လမ်းပေါ်ရှိ ဆန်းလွှတ်ချက်ရောက်ပြီး ၆ မိုင်အပိုင်းမှ ခေါင်လန်ဖူးအထိ အချို့နေရာများတွင် မြေပြို လမ်းပိတ်ဆို့မှုများကို ပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ရှိသည့်စက်အင်အား၊ လူအင်အားတို့တိုးမြှင့်၍ အမြန်ဆုံး ရှင်းလင်းဆောင်ရွက်သွားရန်၊ ပူတာအိုမြို့ သောက်သုံးရေဖူလုံစွာရရှိမှုမှာ ၄၇ ရာခိုင်နှုန်းသာရှိသဖြင့် သောက်သုံးရေ ဖူလုံစွာရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်သွားရန်နှင့် ရေဝေရေလွှဲနေရာများ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းသွားရန် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

ဆက်လက်၍ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် နှင့် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပူတာအိုဒေသမှ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ခေတ်အဆက်ဆက်၌ပင် တပ်မတော်နှင့် လက်တွဲကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အတူတကွပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် အကြီးအကဲကလည်း များစွာအားထားသည့် ဒေသတစ်ခုဖြစ်ပါ ကြောင်း၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပူတာအိုမြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း။

ပူတာအိုဒေသသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ကြိုးပမ်းမှုဖြင့် ယခုစပါးဖူလုံမှုရှိလာပြီ ဖြစ်ကြောင်း၊ စားသုံးဆီဖူလုံမှု အနည်းငယ်လိုအပ်ချက်ရှိသဖြင့် ဆက်လက်ကြိုးပမ်း၍ ဒေသ အတွင်း ဖြစ်ထွန်းနိုင်မည့် ဆီထွက်သီးနှံများကို စိုက်ပျိုးကြရန် လိုကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးကောင်းနေရန်လိုကြောင်း၊ သို့မှသာဒေသအတွင်း ကုန်စည်စီးဆင်းမှုရှိစေရေး ဒေသ နှင့် ကိုက်ညီသည့်ထွက်ကုန် ပစ္စည်းတိုးမြှင့်ထုတ်လုပ်သွားရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊ MSME ချေးငွေများဖြင့် ထုတ်ချေးပေးထားပြီးဖြစ်၍ စနစ်တကျ အကျိုးရှိစွာ စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ အချင်းချင်း အသိပညာဖလှယ်ခြင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများကလည်း စိတ်ပါဝင်စားစွာဖြင့် လုပ်ငန်း လုပ်ကိုင်လိုသူများအား တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့၏ လိုအပ်ချက်များကိုလည်း ဖြည့် ဆည်းပေးရမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဓိကလိုအပ်သည်မှာ ငွေကြေးအရင်းအနှီးဖြစ်ကြောင်း၊ အရင်းအနှီးရရှိမှသာ ဆောင်ရွက်လိုသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ပူတာအိုဒေသတွင် ရှားပါးဆေးဖက် ဝင်ပစ္စည်းများ နိုင်ငံတကာ အဆင့်မီ ဂရိတ်ဖရုသီး၊ အမေရိကန် သံပုရာသီး၊ ဝါရှင်တန်သီးများ ဖြစ်ထွန်းသည့်အပြင် အိမ်နီးချင်း နိုင်ငံသို့ တင်ပို့နိုင်သည့် ဟင်းခတ်အမွှေးအကြိုင် ရှာကော၊ ပါကော ထွက်ရှိရာဒေသဖြစ်၍ နားလည် တတ်ကျွမ်းသည့် ပညာရှင်များဖြင့် ပူးပေါင်းပြီး စနစ်တကျထုတ်လုပ် တင်ပို့နိုင်ရေး ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုး ရေးအတွက် လိုအပ်သည့်အချက်များကို တာဝန်ရှိသူများဖြင့် တိုင်ပင်ဆွေးနွေး တင်ပြရမည်ဖြစ်ကြောင်း။

ဆက်လက်၍ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများဖြင့် ပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုရွေးကောက်ပွဲသည် တပ်မတော်က ဦးဆောင် ကျင်းပပြုလုပ်ခြင်း ဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှု များမဖြစ်ပေါ်စေရေး ဆောင်ရွက် ရန် စီမံထားပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှ သာ လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့် အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်း ပေးအပ်သွားနိုင်မည် ဖြစ်ကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်၍ မရနိုင်သည့် ဒစ်ဂျစ်တယ် စနစ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက အသုံးပြု၍ ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၄၆ ဘီလီယံရှိပြီး မိမိနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများထက်ပင် ပို၍များပြားကြောင်း၊ ထိုသို့ လူဦးရေများပြားသည့် အိန္ဒိယတွင်ပင် အသုံးပြုလျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း။

မဲပေးပိုင်ခွင့် ရှိသူများအနေဖြင့် ပါတီစုံဒီမိုကရေစီ လျှောက်လမ်းသည့်နိုင်ငံတွင် နေထိုင်သူများ ဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန် တစ်ဦးချင်းစီ၌ တာဝန်ရှိကြောင်း၊ လူငယ်များ အနေဖြင့်လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေပါဝင်၍ မဲပေးကြရမည် ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းလိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုလုပ် နိုင်သူများအား ရွေးချယ်၍ ဆန္ဒမဲများပေးနိုင်ရန်လိုကြောင်း။

ပညာရေးကဏ္ဍနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့၏ ယမန်နှစ် Grade -12 အောင်ချက်ရာခိုင်နှုန်း ကို အတုယူ၍ ပူတာအိုခရိုင်အတွင်း ၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပမည့် Grade -12 စာမေးပွဲ တွင် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲ ထူးချွန်စွာ အောင်မြင်ရန်နှင့် အောင်ချက် ရာခိုင်းနှုန်း မြင့်မားအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် KG တန်းမှစ၍ Grade -12 အထိ ကျောင်းသား လူငယ်များစာကျေအောင်၊ စာတတ်မြောက်အောင် သင်ကြားပေးရန် လိုကြောင်း၊ စာကျေစာတတ်မှသာ ၎င်းတို့၏ဘဝတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ မိမိဒေသအတွင်း ထူးချွန်သည့် ဆရာဝန်၊ အင်ဂျင်နီယာများကအစ ပညာတတ်လူသားအရင်း အမြစ်များစွာ ပေါ်ထွက်လာမည်ဖြစ်ပြီး မိမိဒေသအကျိုးအတွက် ပြန်လည်တာဝန်ထမ်းနိုင်မည် ဖြစ်ကြောင်း၊ ဒေသတွင်းလူငယ်များ ကျောင်းစာသင်ကြားမှုနှင့် တန်းစဉ် ကူးပြောင်းရေးတွင် အားနည်းနေသေးသည့် အတွက် အစိုးရ၊ မိဘ၊ ကျောင်းသား ကျောင်းသူ၊ ရပ်မိရပ်ဖများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းများကိုလည်း အလေ့အထ ကောင်းတစ်ခုအဖြစ် ဖတ်မှတ်လေ့လာကြရန်၊ ရှိပြီးစာကြည့် တိုက်များ ပိုမိုပြည့်စုံရန်လိုကြောင်း၊ ထိုသို့ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ရရှိလာပြီး အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုးကို ခွဲခြားသိမြင်ပြီး တွေးခေါ် နိုင်စွမ်းရှိမည်ဖြစ်ကြောင်း။

နိုင်ငံတော် အကြီးအကဲအနေဖြင့်လည်း ပူတာအိုဒေသအား ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက် စေရန် အလေးထားကာ လိုအပ်သည်များ ကူညီပံ့ပိုးဖြည့်ဆည်း လျက်ရှိကြောင်း၊ ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ၊ သစ္စာရှိ နိုင်ငံ့ဝန်ထမ်း အားလုံးအနေဖြင့် မိမိနေထိုင်ရာဒေသ၊ မိမိတာဝန် ထမ်းဆောင်ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၌ ဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့များကို ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူသည်။

တွေ့ဆုံပွဲအပြီးတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်