ရန်ကုန် ဒီဇင်ဘာ ၁၇
ဆီးဂိမ်း အမျိုးသားဖူဆယ်ပြိုင်ပွဲ အုပ်စုတတိယနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် မလေးရှားအသင်းကို ရှစ်ဂိုး - တစ်ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့သည်။
မြန်မာအသင်းအတွက် ကြေးတံဆိပ်မျှော်လင့်နိုင်သည့် အရေးပါသောပွဲဖြစ်သော်လည်း မထင်မှတ်ဘဲ ဂိုးပြတ်အရေးနိမ့်သဖြင့် ဆုတံဆိပ်လွဲချော်ရန် သေချာသလောက်ရှိသွားပြီဖြစ်သည်။ မြန်မာအသင်းသည် ယမန်နေ့က ကစားသည့် ထိုင်းနှင့်ပွဲတွင် ပုံစံကောင်းပြသကာ သုံးဂိုးသာပေးခဲ့ရသော်လည်း ယခုပွဲတွင် သိသိသာသာအမှားများခဲ့ပြီး ပထမပိုင်းမှာပင် ခြောက်ဂိုးအထိ ခွင့်ပြုခဲ့ရသဖြင့် ပေးဂိုးများသွားခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၁၆ မိနစ်တွင် နိုင်လင်းထွန်းကျော်က သွင်းယူခဲ့သည်။
အခြားပွဲတွင် ဗီယက်နမ်အသင်းက အင်ဒိုနီးရှားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် ထိုင်းအသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ မလေးရှားအသင်းက သုံးပွဲကစား ခြောက်မှတ်၊ အင်ဒိုနီးရှားအသင်းနှင့် ဗီယက်နမ်အသင်းက နှစ်ပွဲကစား သုံးမှတ်စီရရှိထားကာ မြန်မာအသင်းမှာမူ သုံးပွဲကစား အမှတ်မရသေးပေ။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။
ထွဏ်းသွေးအိမ်


