ဗီယင်ကျန်း   ဒီဇင်ဘာ  ၁၇

လာအိုနိုင်ငံ ဘိုလီခမ်ဆေးပြည်နယ်နှင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘန်းကန်ပြည်နယ်ကို ဆက်သွယ်ထားသော ပဉ္စမမြောက် လာအို - ထိုင်း ချစ်ကြည်ရေးတံတားကို အများပြည်သူအတွက် ဒီဇင်ဘာ ၂၅ ရက်တွင်  ဖွင့်လှစ်ပေးတော့မည်ဖြစ်ရာ  နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊  လူမှုစီးပွား ပူးပေါင်းဆောင်ရွက်မှုများ  အားကောင်းလာတော့မည်ဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်  ပြီးစီးသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။   ယခုအခါ  ယာဉ်များကို စကင်ဖတ်စစ်ဆေးခြင်း၊ စာရွက်စာတမ်းများ မှတ်ပုံတင်ခြင်းနှင့်အခြား ဝန်ဆောင်မှုလုပ်ငန်းစဉ်များအပါအဝင် လည်ပတ်မှုစနစ်များကို စမ်းသပ်စစ်ဆေးရန် နောက်ဆုံးအဆင့် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း လာအိုသတင်းအေဂျင်စီက ဒီဇင်ဘာ ၁၇ ရက်တွင် ဖော်ပြထားသည်။  

အဆိုပါ တံတားသည် မဲခေါင်မြစ်ကို ဖြတ်ကျော် တည်ဆောက်ထားပြီး လာအိုနိုင်ငံဘက်တွင် ၅၃၅ မီတာနှင့် ထိုင်းနိုင်ငံဘက်တွင် ၈၁၅ မီတာ ရှည်လျားကြောင်း သိရသည်။ တံတားဖွင့်ပွဲပြီးပါက လာအိုနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ကူးလူးဆက်သွယ်မှုများကို ပိုမိုမြှင့်တင်ပေးနိုင်သွားဖွယ်ရှိသည်။                         

ဆင်ဟွာ