သည်ဟိတ်   ဒီဇင်ဘာ   ၁၇

နယ်သာလန်နိုင်ငံ၌ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ  ပထမဆုံးအကြိမ်  အသက်  ၂၀  အောက်    လူငယ်အရေအတွက်ထက်  ပိုမို    ကျော်လွန်သွားခဲ့ပြီး  လူဦးရေကွာဟချက်သည် လာမည့်ဆယ်စုနှစ်များစွာအတွင်း   ပို၍ကျယ်ပြန့်လာမည်ဟု  ခန့်မှန်းထားကြောင်း နယ်သာလန်စာရင်းအင်းဌာန(စီဘီအက်စ်)က   ဒီဇင်ဘာ ၁၆ ရက်တွင် ပြောသည်။

၂၀၂၅ ခုနှစ်    နှစ်စပိုင်းတွင်  နိုင်ငံအတွင်း အသက် ၂၀ အောက် လူဦးရေမှာ ၃ ဒသမ ၂၇ သန်း ရှိပြီး အသက် ၆၅ နှစ်အထက်လူဦးရေမှာ ၃ ဒသမ ၇၆ သန်းရှိသည်ဟု စီဘီအက်စ်ကပြောသည်။ ၂၀၂၅ ခုနှစ် မှ    ၂၀၇၀   ပြည့်နှစ်အတွင်း သက်ကြီးရွယ်အို လူဦးရေမှာ ပိုမိုမြန်ဆန်စွာတိုးလာမည်ဟု  စီဘီအက်စ်က   ခန့်မှန်းထားသည်။ ၂၀၇၀ ပြည့်နှစ်တွင် နယ်သာလန်နိုင်ငံ၏   အသက် ၂၀ အောက် လူဦးရေမှာ ၄ ဒသမ ၁ သန်းရှိလာမည်ဟု ခန့်မှန်းထားပြီး အသက် ၆၅ နှစ်နှင့်အထက်  လူဦးရေမှာ ၅ ဒသမ ၄ သန်းရှိလာမည်ဖြစ်သည်ဟု စီဘီအက်စ်က ခန့်မှန်းထားသည်။

သက်ကြီးရွယ်အိုလူဦးရေတွင်လည်း အသက် ၈၀ နှင့်အထက် လူဦးရေမှာ သိသိသာသာတိုးလာမည်ဟု ခန့်မှန်းထားသည်။ နယ်သာလန်နိုင်ငံ၌ သက်ကြီးရွယ်အို လူဦးရေတိုးလာခြင်းမှာ သက်တမ်းတိုးလာခြင်းနှင့် ကလေးမွေးဖွားမှုနှုန်း   လျော့ကျလာခြင်းကြောင့် ဖြစ်သည်။ အလုပ်လုပ်နိုင်သည့်အရွယ်  အသက် ၂၀ မှ ၆၅  နှစ်အတွင်း လူဦးရေမှာ လက်ရှိတွင် စုစုပေါင်းလူဦးရေ၏ ၅၉ ရာခိုင်နှုန်းရှိသည်။

အဆိုပါ အရေအတွက်မှာ ၂၀၄၀ ပြည့်နှစ်တွင် ၅၅ ရာခိုင်နှုန်းဝန်းကျင်   ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။   စုစုပေါင်း လူဦးရေသည် လာမည့်ဆယ်စုနှစ်များအတွင်း   ဆက်လက်တိုးပွားလာဦးမည်ဟု ခန့်မှန်းထားပြီး ယင်းသို့ တိုးပွားလာခြင်းမှာ သက်တမ်းရှည်လာခြင်း တစ်ခုတည်းကြောင့်မဟုတ်ဘဲ ရွှေ့ပြောင်းနေထိုင်မှုများကြောင့်ဖြစ်သည်ဟု ခန့်မှန်းထားသည်။

ဆင်ဟွာ