ပူတာအို ဒီဇင်ဘာ ၁၈

ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ကောင်းမှုလုံစေတီတော်ရှိ ဗုဒ္ဓ ရုပ်ပွားတော်အား ဆွမ်း၊ သစ်သီး၊ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး စေတီတော်အား လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

ပေးအပ်လှူဒါန်း

ထို့နောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် စေတီတော်၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး စေတီတော် ဘက်စုံပြုပြင်မွမ်းမံ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ကောင်းမှုလုံ စေတီတော်သည် ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံ ကျေးရွာအနီး မလိခမြစ်၏ အရှေ့ဘက်ကမ်း၌ ကျော်ဇောထင်ရှား သပ္ပာယ်စွာတည်ရှိပြီး သာသနာ သက္ကရာဇ် ၂၄၄ ခုနှစ် သီရိဓမ္မာ သောကမင်းကြီး လက်ထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော်သုံးဆူကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ကြောင်း၊ စေတီတော်သည် ပူတာအိုဒေသတွင် အရွယ်အစားနှင့် ဉာဏ်တော် အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ မြောက်ဖျားအစွန်းတွင် ရှေးခေတ်အဆက်ဆက်မှ ယခုခေတ်ကာလ တိုင်အောင် ဗုဒ္ဓသာသနာတော် တည်တံ့ထွန်းကားပြန့်ပွားဆဲဖြစ်သည်ဆိုသည့် မော်ကွန်းအထိမ်း အမှတ်သဖွယ် တည်ရှိနေတော်မူခြင်းဖြစ်ကြောင်း သိရသည်။

ရင်းရင်းနှီးနှီး တွေ့ဆုံ

မွန်းလွဲပိုင်းတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် မချမ်းဘော့တပ်နယ်နှင့် ပူတာအိုတပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များကို လိုက်လံ ကြည့်ရှုပြီး အိမ်ထောင်သည်ရဲမေများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ရဲမေများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်