မန္တလေး ဒီဇင်ဘာ ၁၉

 

လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို မန္တလေးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့မှစတင်၍ ဆောင်ရွက်သည်။

 

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို နံနက်ပိုင်းမှ စတင်၍ အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲလာရောက်ပေးကြသူများကို တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ကြသည်။

 

ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်ကျော်ထိုက်က “ချမ်းအေးသာစံမြို့နယ်မှာ မဲရုံပေါင်း ၇၀ ရှိပါတယ်။ ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၇ ရက်အထိ ကြိုတင်မဲပေးခြင်းကို စီစဉ်ဆောင်ရွက်ထားပါတယ်။ ကြိုတင်မဲကို တာဝန်ပေးအပ်ထားတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဆေးရုံတက်ကုသနေရတဲ့ သက်ကြီးရွယ်အိုတွေ၊ လူနာတွေအတွက် ဦးစားပေးဆောင်ရွက်ထားပါတယ်။ မဲရုံကိုမလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက်ကိုလည်း ကော်မရှင်အဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက်သွားပြီး ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ အခုကြိုတင်မဲပေးတာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်မှာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပမှာပါ။ အများပြည်သူ တစ်ယောက်ချင်းစီရဲ့ အခွင့်အရေးမဆုံးရှုံးစေဖို့ ဆောင်ရွက်ထားပါတယ်” ဟု ပြောသည်။ 

 

ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ ဦးဇော်ဝင်းခိုင်ကလည်း “ကျွန်တော်က ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက်ကပါ။ ရွေးကောက်ပွဲနေ့မှာ မဲရုံမှူး တာဝန်ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် ကြိုတင်မဲလာရောက်ပေးတာဖြစ်ပါတယ်။ မဲရုံကို ရောက်တဲ့အချိန်မှာ အရင်ဆုံးမှတ်ပုံတင်ပြရပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ဆောင်ရွက်ပေးပါတယ်။ မဲပေးရတဲ့အခါမှာလည်း လွတ်လပ်စွာ မဲပေးခဲ့ရပါတယ်။ ဒါကြောင့် ကြိုတင်မဲပေးရမယ့်သူတွေလည်း မဲလာရောက်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

 

ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူတစ်ဦးကလည်း “ကျွန်မက ရွေးကောက်ပွဲနေ့မှာ မဲစာရင်း စစ်ဆေးသူအနေနဲ့ တာဝန်ထမ်းဆောင်ရမှာဖြစ်လို့ ကြိုတင်မဲလာရောက်ပေးတာပါ။ မဲပေးရတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ်နဲ့ စနစ်တကျပေးခွင့်ရခဲ့ပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ မိမိတို့လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ကြရမယ့် ပြည်သူတွေအနေနဲ့ ကြိုတင်မဲပေးလို့ရနေပြီ။ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာလည်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ မဲလာရောက်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။ 

 

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း သက်ဆိုင်ရာ မဲရုံများတွင် ဆန္ဒမဲပေးနိုင်ပြီဖြစ်၍ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်