နေပြည်တော် ဒီဇင်ဘာ ၁၉

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး ဒေသတစ်ဝိုက်အား ၂၀၂၄ ခုနှစ်မှ စ၍ ဝင်ရောက်တိုက်ခိုက်ကာ မြို့/ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လုံခြုံရေးအင်အားနည်းသော တပ်စခန်းငယ်များအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင်မြေပေါ်၊ မြေအောက် သယံဇာတများ အဓမ္မနည်းဖြင့် ထုတ်ယူကိုယ်ကျိုးသုံးစွဲခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သဖြင့် အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသားများအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်အဆောက်အအုံများနှင့် ဥစ္စာ ပစ္စည်းများကို စွန့်လွှတ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 

ထို့ကြောင့် တပ်မတော် စစ်ကြောင်းများက အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေး၊ ယာယီနေရပ်စွန့်ခွာပြည်သူများ ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံစီးပွားတိုးတက်ရေး အထောက်အကူပြုသည့် မြေပေါ်/ မြေအောက် သယံဇာတများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေး တိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ ဖယောင်းတောင် သတ္တုတွင်းဒေသအား ဩဂုတ် ၂၄ ရက်တွင် လည်းကောင်း၊ အယ်လ်ဖာဘိလပ်မြေ စက်ရုံတစ်ဝိုက်အား ဩဂုတ် ၂၈ ရက်တွင် လည်းကောင်း၊ ဆည်တော်ကြီးကျေးရွာနှင့် ရေလှောင်တမံအား နိုဝင်ဘာ ၇ ရက် တွင်လည်းကောင်း အဝေးရောက်ဒေသခံပြည်သူများ၏ စစ်ရေးသတင်းပေး ကူညီမှုများဖြင့် တစ်နေရာပြီး တစ်နေရာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

 

ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဒေသများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှု ရရှိထားသည့် တပ်မတော်စစ်ကြောင်းများအနေဖြင့် မတ္တရာ၊ ပြင်ဦးလွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ဌာနချုပ်အဖြစ် ဖွင့်လှစ်၍ ယာယီစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာဒေသတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို ဖြည့်တင်း ဆောင်ရွက်ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ပူးပေါင်း၍ မြေပြင်/ ဝေဟင် ဟန်ချက်ညီပေါင်းစပ်ကာ မြေပြင်သတင်းဖော်ထုတ်ပြီး တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များ၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအား တိုးတက်မြင့်မားလာမှု၊ စိတ်ဓာတ် ခွန်အားတက်ကြွမှု၊ တိုက်လိုခိုက်လို စိတ်ပြင်းပြမှု၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်တို့နှင့်အတူ စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာဒေသတို့အား ပြန်လည် သိမ်းပိုက်ရရှိရေးအတွက် ပိတ်ဆို့ရေးအနေဖြင့် သပိတ်ကျင်း- ဝါးဖြူတောင်မှတစ်ဆင့် ဇရပ်ကွင်းသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ပိတ်ဆို့ရှင်းလင်းခဲ့ရာ ဒီဇင်ဘာ ၁၈ ရက်တွင် ဇရပ်ကွင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး လိပ်ကျ၊ ချောင်းကြီးနှင့် နွယ်ရုံတစ်ဝိုက်ကိုလည်း ဆက်လက်ပိတ်ဆို့ထိန်းချုပ်ခဲ့သည်။ ဆက်လက်၍ ရတနာသိင်္ဂီ-နားခါ-ပျဉ်းချောင်း-လမင်းသာ လမ်းကြောင်း၊ ပန်းတင်- မြကန်သာ လမ်းကြောင်း၊ မတ္တရာ-စဉ့်ကူး လမ်းမကြီး ဘယ်/ ညာမှ-တရော်ပင်-ညောင်ဝန်း-သာယာကုန်း လမ်းကြောင်း၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း-ကျောက်ငနွား-ရေတော်-ရွှေလှေ လမ်းကြောင်းတို့ဖြင့် စစ်ကြောင်းများခွဲ၍ အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် လက်ပန်လှ ကျေးရွာတစ်ဝိုက်အား ဒီဇင်ဘာ ၁၈ ရက်တွင် လည်းကောင်း၊ စဉ့်ကူးမြို့တစ်မြို့လုံးအား ယနေ့တွင်လည်းကောင်း ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖရိုဖရဲဆုတ်ခွာထွက် ပြေးသွားခဲ့သည်။

 

တပ်မတော် စစ်ကြောင်းများအနေဖြင့် စဉ့်ကူးမြို့နှင့် အဆိုပါ ဒေသတစ်ဝိုက်အား ပြန်လည် သိမ်းပိုက်ရရှိရေး အသက်ကိုပဓာန မထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲကြီး/ ငယ် အကြိမ် ၅၀ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၂၂ လောင်း၊ လက်နက်မျိုးစုံ ၄၇ လက်၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။

 

နိုင်ငံတော်ပျက်စီးရာ ပျက်စီးကြောင်းကို နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်နေသော CRPH၊ NUG အမည်ခံ အကြမ်းဖက် အဖွဲ့အစည်းများ၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများသည် အဆိုပါ ဒေသအား ယာယီစိုးမိုးထားစဉ် မြို့/ ရွာများအတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များအတွင်း ဝင်ရောက်နေရာယူ၍ ဘန်ကာများပြုလုပ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများ အဓိက သွားလာအသုံးပြုလျက်ရှိသည့် အဆိုပါဒေသရှိ ဧရာဝတီတံတား (ရတနာသိင်္ဃ)၊ ကျောက်စရစ်တံတား၊ ဇရပ်ကွင်း တံတားအပါအဝင် လမ်း၊ တံတား ကြီးများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများ အား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ 

 

ထို့ပြင် ဆည်တော်ကြီး ရေလှောင်တမံ၏ ဆည်ရေပိုလွှဲ ရေတံခါး အဖွင့်/ အပိတ် မောင်းခလုတ်၊ ဆည်တမံပေါင်နှင့် ရေထိန်းတံခါးတို့အား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းစွာဖြင့် လုပ်ဆောင်ခဲ့သည်ကိုတွေ့ရပြီး တပ်မတော်အနေဖြင့် လက်မတင် အချိန်မီတားဆီး ထိန်းချုပ်နိုင်ခဲ့သည်။

 

ယခု ဆုတ်ခွာထွက်ပြေးစဉ်တွင်လည်း ၎င်းတို့ လုပ်ဆောင်နေကျ နည်းလမ်းများဖြစ်သည့် ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်နှင့် အမြတ်တနိုးသိမ်းဆည်းထားသော ပစ္စည်းများအား အတင်းအဓမ္မ ယူဆောင်ခြင်း၊ အဆိုပါဒေသအတွင်းရှိ နိုင်ငံတော်၏ သယံဇာတဖြစ်သော တရားဝင်ခွင့်ပြုထားသည့် ရွှေလုပ်ကွက်များအတွင်း အတင်းအဓမ္မ ဝင်ရောက်လုပ်ကိုင်တူးဖော်ခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်ပစ္စည်းများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့် ယူဆောင်ခြင်းများ ပြုလုပ်ကာ ရွှေ/ သတ္တု ရောရာမြေစာများနှင့် အဖိုးတန်ပစ္စည်းများအား ယာယီနေရပ်စွန့်ခွာ ပြည်သူများထားရှိခဲ့ သည့် မော်တော်ယာဉ်များဖြင့် တင်ဆောင်ကာ ဧရာဝတီမြစ်အား ဖြတ်ကူး၍ ဆုတ်ခွာထွက်ပြေးရန် လုပ်ဆောင်လျက်ရှိကြောင်း မြေပြင်သတင်း ဖော်ထုတ်ချက်အရ တပ်မတော်စစ်ကြောင်းများက မြေပြင်၊ ဝေဟင်စစ်နည်းဗျူဟာမြောက် ပေါင်းစပ်ချေမှုန်းခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများသည် အထိနာစွာဖြင့် ဧရာဝတီမြစ် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးစဉ် အစီအစဉ်ပျက်ပြားကာ ဦးတည်ရာမဲ့ ထွက်ပြေးလျက်ရှိပြီး အဆိုပါအကြမ်းဖက် သောင်းကျန်းသူများကိုလည်း တပ်မတော် စစ်ကြောင်းများက မြေပြင်/ ဝေဟင် ပေါင်းစပ်၍ ထက်ကြပ်လိုက်လံ ချေမှုန်းလျက်ရှိကြောင်းနှင့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာအတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်