ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

 

နေပြည်တော် ဒီဇင်ဘာ ၂၀

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းရှင်များနှင့် ယနေ့နံနက် ပိုင်းတွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ မင်းဘူး ဦးဩဘာသခန်းမ၌ တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား အသီးသီး တင်ပြ

ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးက မင်းဘူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အဓိကသီးနှံများအား ပန်းတိုင်အထွက်နှုန်း တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း ဆန်နှင့် ဆီဖူလုံမှု၊ ဆီထွက်သီးနှံများအား အထူးဇုန်များအလိုက် စိုက်ပျိုးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် အောင်မြင် ဖြစ်ထွန်း လျက်ရှိမှု၊ ဝါစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိမှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နိုင်မှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်း ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများဖြင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိ မှု၊ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ မင်းဘူးခရိုင် အတွင်း မြို့နယ်အလိုက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မင်းဘူးခရိုင်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ၊ ကျောက် မီးသွေးများ ထုတ်လုပ်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်းဘူးခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု၊ မကွေးတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ မှုကြောင့် ယခင်ကထက် သီးနှံများ ပိုမိုစိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိမှု၊ စိုက်ပျိုးရေး ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ခြင်းကြောင့် တိုင်းဒေသကြီး၏ GDP များ တိုးတက် လျက်ရှိမှု၊ ဝါနှင့် ဆီထွက်သီးနှံအဓိက စိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေ အနေများနှင့်ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများက မင်းဘူးမြို့နယ် ကောင်းသာရွေးကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ စာသင်ဆောင်များ လိုအပ်လျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများလုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဆွေးနွေးပြောကြား

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးလှမိုးနှင့် ဦးခင်မောင်ရီတို့က နိုင်ငံတော်တစ်ဝှမ်း တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှု ရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက် ရှိမှု၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား တိုက်ဖျက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် တရားမဝင် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိမှု၊ နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အမျိုးသားရေးတာဝန်အဖြစ် ခံယူ၍ အမြစ်ပြတ် ချေမှုန်းလျက်ရှိသဖြင့် ပြည်သူလူထုများမှလည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်လိုအပ်မှု၊ စိုက်ပျိုးရေ လိုအပ်ချက်ပြည့်မီစေရေးအတွက် မြစ်ရေတင်လုပ်ငန်းများဖြင့် စီမံဆောင်ရွက်ပေးလျက် ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ချိတ်ဆက် ဆောင်ရွက်သွားကြစေလိုမှု၊ တင်ပြချက်များတွင်ပါဝင်သည့် စိုက်ပျိုးရေလိုအပ်ချက်ရှိသည့် ကျေးရွာများ၌ နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြေအောက်ရေ ထုတ်ယူရရှိနိုင်ရေး လိုအပ်သည့် သုတေသနပြုတွက်ချက်မှုများကို ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ မကွေးတိုင်းဒေသကြီးနှင့် မင်းဘူးခရိုင်တို့အတွင်း နှစ်အလိုက် သစ်တောဖုံးလွှမ်းမှု အခြေအနေများအပေါ် စိစစ်တွေ့ရှိချက်များ၊ နိုင်ငံတစ်ဝန်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသခံများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်မှု တို့နှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။

 

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေး၍ ဒေသဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက မင်းဘူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မင်းဘူးဒေသတွင် ပဲနှင့်ဝါကို အဓိကထားစိုက်ပျိုးကြသည်ကို တွေ့ရှိရပြီး ဆန်ဖူလုံမှုရှိသည့်ဒေသလည်းဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် စိုက်ပျိုးဆောင်ရွက်နိုင်မည်ဆိုပါက ယခုထက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင် တစ်ခုတည်းအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် မပြည့်မီခြင်းကြောင့် ဝင်ငွေ လျော့နည်းမှုမှာ ၅၀၀ ဘီလီယံ ကျော်ခန့်ရှိကြောင်း။ ထို့ကြောင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသ၏ စီးပွားရေးကို များစွာပြောင်းလဲသွားစေနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ယခုဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဝါများစိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုး မှု ဧက ၅ သိန်းခန့်ရှိပြီး ဝါအထွက်နှုန်း ကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်း ချည်ချောထုတ်လုပ်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

 

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချက်အလက်များအား တင်ပြဆောင်ရွက်ရာ၌ ကိန်းဂဏန်း အချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ခေတ်အဆက်ဆက်တွင် လယ်ယာထွက်ကုန်ပစ္စည်းများ ထွက်ရှိမှုမှာ ကိန်းဂဏန်း အချက်အလက်များအရ ကွာခြားချက်များ ရှိနေကြောင်း၊ ကိန်းဂဏန်းအချက်အလက်များ၊ စာရင်းဇယားများ မှန်ကန်စွာသိရှိနိုင်မှသာလျှင် နိုင်ငံ ဖွံ့ဖြိုးတက်ရေးကို ပိုမိုလေ့လာဆန်းစစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်နှင့် စာရင်းဇယား ကောက်ယူသူများ အနေဖြင့်လည်း မှန်ကန်သည့် စာရင်း ဇယားများရရှိနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ အားလုံး အမှန်တကယ်အလုပ်လုပ်ကြရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။

 

တစ်ဧက ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိစေရေး မိမိတို့အနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း လိုအပ်ချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် လက်တွေ့မြေပြင်၌ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေကြသူများကို ကွင်းဆင်း၍လိုအပ်ချက်များကို သုတေသနပြု မေးမြန်းခဲ့ကြောင်း၊ ထိုသို့ မေးမြန်းရာတွင် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ အခြေခံကျသောအချက်၊ ဖြည့်ဆည်းပေးရမည့်အချက်များကို ရိုးရှင်းစွာမေးမြန်းခဲ့ကြောင်း၊ မေးမြန်းချက်များအရ မင်းဘူး ဒေသတွင် သီးနှံကိုးမျိုးစိုက်ပျိုးသည်ကို တွေ့ရှိရကြောင်း၊ အားနည်းချက်များတွင် လူများ၏ အားနည်းချက်၊ ငွေကြေးအားနည်းချက် ဟူ၍ရှိကြောင်း၊ မြေပြုပြင်ခြင်းတွင် လိုအပ်သည့် ထွန်ယက်မှု များ လုံလောက်စွာပြုလုပ်ခြင်း၊ ဓာတ်မြေဩဇာများ လိုအပ်မှုရှိပါက သဘာဝမြေဩဇာများ ထည့်သွင်း ခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊ မြေဩဇာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်က စိုက်ပျိုးရေးချေးငွေများကို ထုတ်ချေးပေးထားကြောင်း၊ ကောက်ကွက်များ ပြည့်မီအောင် စိုက်ပျိုးရန်အတွက် လိုအပ်သည့်လူများ မရရှိနိုင်ပါက Feed Seeder များဖြင့် စနစ်တကျအစေ့ချ စိုက်ပျိုးခြင်းဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မိရိုးဖလာ ဆောင်ရွက်နေခြင်းအစား ခေတ်မီနည်းစနစ်များကို လည်း လေ့လာကျင့်သုံး၍ အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

စိုက်ပျိုးရေလိုအပ်ချက်နှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မင်းဘူးဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက် ပြောင်းလဲစေရေး မိမိအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များအပေါ် အခြေခံသည့်စက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက ဒေသ၏ လူမှုစီးပွားဘဝများသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် သွင်းအားစုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အဓိက လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေ လုံလောက်စွာရရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး အတွက်လည်း နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ဒေသ၏စားရေး လိုအပ်ချက်ကို ပြည့်မီအောင်မွေးမြူထုတ် လုပ်သွားရန်လိုကြောင်း၊ ဒေသအတွင်း မွေးမြူဖြစ်ထွန်းသည့် ဆိတ်မွေးမြူရေးလုပ်ငန်းအပြင် အခြေခံစားကုန်များဖြစ်သည့် ကြက်၊ ဝက်၊ နွား တို့ကိုလည်း အောင်မြင်အောင် မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့်အစာလိုအပ်ချက် အတွက်လည်း ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များကို အခြေခံ၍ လုပ်ဆောင်ရနိုင်မည်ဖြစ်ကြောင်း။

 

လူသားအရင်းအမြစ်ကောင်းများ ရရှိရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ် ပညာဖြင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ အမျိုးသားစည်းကမ်း အစ စာသင်ကျောင်းက ဟူသည့်အတိုင်း အတန်းပညာရှိမှသာ အတတ်ပညာရှိမည် ဖြစ်ကြောင်း၊ ထို့အတူ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လူရည်မွန်များ လည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံပညာ အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်မှုသည် နိုင်ငံတော်အတွက် အဖိုးတန်သည့် စာရင်းအင်း၊ ကိန်းဂဏန်း အချက်အလက်များပင် ဖြစ်ပြီး မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်တို့အနေဖြင့် လည်း မိမိတို့ဒေသ၏ကိန်းဂဏန်းအချက် အလက်များကို အခြေခံ၍ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးချသွားကြရန် လိုကြောင်း။

 

မိမိတို့အနေဖြင့် “ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ရှိပြီးသားသဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် နှင့်သစ်ပင်များတိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ အပူဒဏ်ကိုကာကွယ်နိုင်ရေးအတွက် ရွာတိုင်းရွာတိုင်း အရိပ်ရပင်များကို တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့ မြို့နယ်များသည် ကမ္ဘာ့အပူဆုံးမြို့များ စာရင်းအတွင်း၌ ပါဝင်သည်ကို တွေ့ရကြောင်း၊ အပူရှိန် လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင်များကို တိုးချဲ့စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် ဒေသတွင်းဖြစ်ထွန်းအောင်မြင်ပြီး ကုန်ထုတ်လုပ်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်သည့် ဆီးသီးပင်၊ မန်ကျည်းပင်အပါအဝင် အခြားအပင်များကို ထည့်သွင်း စိုက်ပျိုးသွားရန်လိုကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကုန်ကြမ်းပစ္စည်းများသည် အဓိကကျကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုး မြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည် ဆိုပါက ဒေသအတွက်များစွာအကျိုးရှိစေ မည်ဖြစ်ကြောင်း။

 

ပညာရေးနှင့်ပတ်သက်၍ ပညာရည် သင်ကြားခြင်းကိုသာမက သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရေးအတွက် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ သားသမီးများကို စာဖတ်သည့်အလေ့ အကျင့်များ မွေးမြူပေးရန်လိုကြောင်း၊ မိမိတို့သားသမီးများ၏ ဘဝတိုးတက်ရေးအတွက် ပညာရည် မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပညာရည်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်း လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ခြင်းပင်ဖြစ်သဖြင့် နိုင်ငံတော်က အလေးပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံ အတွင်း တရားဥပဒေစိုးမိုးရေးအတွက် အထောက်အကူပြုနိုင်ရန်အတွက်လည်း နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို ဥပဒေနှင့်ပတ်သက်သည့် အသိပညာများ သင်ကြားပေးလျက် ရှိကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှသာလျှင် နိုင်ငံအတွင်း သွားလာလုပ်ကိုင်မှုများ အဆင်ပြေ ချောမွေ့လာမည်ဖြစ်သဖြင့် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခု ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေ ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊

 

ဆန္ဒမဲပေးခြင်းမပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင် ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ်ပြီး မဲမပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုကို မထောက်ခံခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းဘူးဒေသအတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန် လိုကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် မင်းဘူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင် နေထိုင်ကြသူများ၊ တာဝန်ထမ်းဆောင်နေကြသည့် ဌာန ဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့ဒေသကိုချစ်သည့်စိတ်၊ နိုင်ငံကောင်းရာကောင်းကျိုးကို လိုလားသည့် စိတ်များဖြင့် ဒေသနှင့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။

 

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် မင်းဘူးခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို လှည့်လည် ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

 

မင်းဘူးမြို့ ခရိုင်ဘောလုံးအားကစားကွင်း

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့ခရိုင်ဘောလုံး အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အားကစားပွဲများ ကျင်းပပြုလုပ်ချိန်တွင် အားကစားဝါသနာရှင် ပြည်သူများ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန်အတွက် ပွဲကြည့်စင် တည်ဆောက်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်၊ ရေနုတ် မြောင်း ဆောက်လုပ်ရာတွင်လည်း ရေများစနစ်တကျ စွန့်ထုတ်နိုင်ရန်အတွက် မြေအနိမ့်အမြင့်အား တွက်ချက်ဆောင် ရွက်သွားရန်၊ ပြေးလမ်းအား စနစ်တကျ တည်ဆောက်သွားရန်နှင့် အခြားလိုအပ် သည်များ လမ်းညွှန်မှာကြားသည်။

 

မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး

ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ရောက်ရှိကြရာ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆို နှုတ်ဆက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် သွားနှင့်ခံတွင်းကုသမှုဌာန၊ ဓာတ်ခွဲခန်းနှင့် ဇီဝဓာတ်ခွဲခန်းတို့အတွင်း လှည့်လည်၍ ပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုနှင့် ကျန်းမာရေးဝန်ဆောင်မှု ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့က မင်းဘူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးအတွက် အလှူငွေများကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူသည်။

 

 

မကွေး-မင်းဘူး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်း မင်းဘူးမြို့ ရှုခင်းသာနေရာသို့ ရောက်ရှိကြရာ မကွေး-မင်းဘူး လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက လမ်းနယ်များနှင့် ပတ်သက်၍ သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ ဖြစ်ရန်လိုပြီး အချို့လမ်းနယ်များ၌ ကျူးကျော်မြေ အသုံးချမှုများရှိနေသည့်အတွက် လမ်းမကြီးများ ဥပဒေနှင့်အညီဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ လမ်းများအဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ရာတွင်လည်း လမ်းကြောင်းတစ်လျှောက် စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ချက်များ ပြည့်မီစေရေး စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်