မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးအခြေအနေကို အားလုံးသိရှိကြပြီးဖြစ်သည်။ ထိုအခြေအနေကို မှန်မှန်ကန်ကန်ရှုမြင်ပါက အဖြူ/အမည်း ကွဲပြားစွာ တွေ့မြင်နိုင်မည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေး အခြေအနေကို အမြင်မတူသူများက မည်သို့ဆိုကြသော်လည်း လက်ရှိ၌နိုင်ငံတော်၏ ရည်မှန်းချက်လည်းဖြစ်၊ ပြည်သူများ၏ လိုလားချက်လည်းဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး စတင်ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအတွက် အရေးအကြီးဆုံးလုပ်ငန်းစဉ်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပနိုင်ခြင်းမရှိသည့် အကြောင်းရင်းမှာ ဒေသအချို့၌ တည်ငြိမ်အေးချမ်းခြင်းမရှိမှု တစ်နည်းဆိုလျှင် အကြမ်းဖက် သောင်းကျန်းမှုကြောင့် မကျင်းပနိုင်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်က အတိအလင်းပြောကြားထားသည်။ မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ရှိသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်တွင် ပြုလုပ်မည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲ ဒုတိယပိုင်းကို မြို့နယ် ၁၀၀ တွင်ပြုလုပ်မည်။ ထို့နောက် နှစ်ပတ်အကြာတွင် ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် ၇၂ မြို့နယ်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

 

ကျန်ရှိသည့် မြို့နယ် ၅၆ မြို့နယ်ကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေဒေသများ ထိန်းချုပ်ရေး၊ ဒေသတည်ငြိမ်ရေးတို့ကို ခိုင်မာစွာတည်ဆောက်ပြီး တည်ငြိမ်အေးချမ်းသည့်အချိန်၊ သင့်လျော်သည့်အချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး ပြုလုပ်ပေးရန် နိုင်ငံတော်က ရည်ရွယ်ထားသည်ဟုသိရသည်။ ရွေးကောက်ပွဲသည် နိုင်ငံအတွက်၊ ဒေသအတွက် မည်မျှ အရေးပါသည်ကို ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာမှသာ သိနိုင်သည်။ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံ့ တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ ဒီမိုကရေစီအစိုးရကာလတွင် မိမိဒေသအတွက် လိုအပ်သည်များကို တင်ပြတောင်းဆိုနိုင်သည်။

 

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိတို့ အနာဂတ်ကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်နိုင်ရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံသမိုင်းတွင် လက်နက်ကိုင် အကြမ်းဖက်နည်းဖြင့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်နေရာတွင်မှ အောင်မြင်မှု မရနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျမှုသည် အချိန်ကာလတစ်ခုသာဖြစ်သည်။ မိမိတို့ဒေသသည် အစဉ်ထာဝရဖြစ်၍ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင်၊ အေးချမ်းသာယာဝပြောအောင် စစ်မှန်သည့်ဒီမိုကရေစီ နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အသိအမြင်ဗဟုသုတနည်းပါးသည့် ကျေးလက်နေ ပြည်သူများ အသိအမြင်ခံယူချက်လွဲမှားပြီး အတိဒုက္ခရောက်အောင် ပြုလုပ်ခြင်းသည် ယုတ်မာညစ်ထေးသည့်လုပ်ရပ်ဖြစ်သည်။

 

မြန်မာနိုင်ငံ အထက်အလယ်ပိုင်းဒေသတွင် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ အနေဖြင့် EAO အချို့၏အသုံးချခံအဖြစ်ပူးပေါင်းပြီး မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးဒေသ တစ်ဝိုက်အား ၂၀၂၄ ခုနှစ်တွင် ဝင်ရောက်တိုက်ခိုက်ကာ မြို့ရွာများတွင် တိုက်ပွဲ ဖော်ဆောင်ခြင်း၊ လုံခြုံရေးအင်အားနည်းသော တပ်စခန်းငယ်များကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်း၊ မြို့ရွာများတွင် ခြေကုပ်ယူစခန်းချခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်ခြင်း၊ စက်ရုံအလုပ်ရုံများ မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင်မြေပေါ်မြေအောက် သယံဇာတများကို အဓမ္မနည်းဖြင့်ထုတ်ယူရောင်းချပြီး ၎င်းတို့အဖွဲ့ ခိုင်မာတောင့်တင်းအောင်၊ ကိုယ်ကျိုးသုံးစွဲနိုင်အောင် နည်းလမ်းပေါင်းစုံဖြင့်လုပ်ဆောင်ကြသည်။

 

ယခုအခါ တပ်မတော်စစ်ကြောင်းများသည် အဆိုပါဒေသများအပါအဝင် ဒေသများ တည်ငြိမ် အေးချမ်းရေး၊ ယာယီနေရပ်စွန့်ခွာပြည်သူများ မိမိတို့နေရင်းဒေသတွင် ပြန်လည်အခြေချ နေထိုင်နိုင်ရေး၊ စက်ရုံ/အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး၊ စီးပွားရေး အထောက်အကူပြု မြေပေါ်/မြေအောက် သယံဇာတများ ဥပဒေနှင့်အညီ စနစ်တကျ ပြန်လည် ဆောင်ရွက်နိုင်ရေး၊ ဒေသခံ ပြည်သူများ ပညာရေး၊ ကျန်းမာရေး စသည့်လိုအပ်မှုမှန်သမျှကို ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဒေသများ တစ်ခုပြီးတစ်ခု ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အမြစ်ပြတ်ချေမှုန်းရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ရာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းသာယာ ဝပြောရေးနှင့် ဒီမိုကရေစီစနစ် ခိုင်မာဖြစ်ထွန်းရေးအတွက် ရွေးကောက်ပွဲသည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ရာ မိမိဒေသ တည်ငြိမ်အေးချမ်းစေရန် ဒေသခံပြည်သူများအနေဖြင့် ပါဝင်ဆောင်ရွက်ကြကာ မိမိနိုင်ငံအကျိုး၊ မိမိဒေသ အကျိုးကို ဒီမိုကရေစီနည်းလမ်းဖြင့် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။