နေပြည်တော် ဒီဇင်ဘာ ၂၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့မွန်းလွဲ ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး (အမြန်လမ်း) ဆွာချောင်းတံတား ရေတိုက်စား ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ နေပြည်တော်ကောင်စီနယ်မြေ ဆင်သေချောင်း ရေကြီးရေလျှံမှု လျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတားရေလမ်းပိုင်း သောင်တူးဖော်ခြင်း၊ အထောက်အကူပြု ရေလွှဲရေကာများ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆွာချောင်းတံတား စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် Steel Basket ရေကာများနှင့် တံတားရေလယ်တိုင်များ အနေအထားအရ ရေလမ်းကြောင်းကောင်းမွန်စေရန်နှင့် ရေရှည်တွင် ချောင်းစီးဆင်းမှုမှန်ကန်စေရေး တိုင်းတာစစ်ဆေးမှုများ ပူးပေါင်းဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆွာချောင်းတံတားသည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း တောင်တရုတ်ပင်လယ်ပြင်မှ ဝင်ရောက်ခဲ့သော မုန်တိုင်းမိုးများကြောင့် တံတား၏ ရန်ကုန်ဘက်ခြမ်း ကမ်းကပ်ခုံ ရေတိုက်စားပျက်စီးခဲ့ရပြီး နိုင်ငံတော် ယာယီသမ္မတ၏ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်တွင် “ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးရှိ ဆွာချောင်းတံတားသို့ ရေစီးကြောင်း မှန်ကန်စွာစီးဆင်းစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ခြင်းအပေါ် ဆွာချောင်းရေတိုက်စားမှု ကာကွယ်ရန်နှင့် တံတားအဝင် ရေလမ်းကောင်းမွန်စေရန်တို့အတွက် Gabion Box ကျောက်ဖြည့် မြေထိန်းနံရံ အလျားပေ ၁၃၅၀၊ Steel Basket ရေကာအလျား ပေ ၉၀၀ နှင့် သုံးတန်းသွား မျောတိုင်တန်းရေကာ အလျားပေ ၁၅၀ ခြောက်ခုတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၄ ခုနှစ် အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းတစ်လျှောက်ရှိ ပတ်ဝန်းကျင် ကျေးရွာများနှင့် လမ်း၊ တံတားများ ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် ယာယီသမ္မတ၏ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်ကောင်စီအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည့်ခရီးစဉ် လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ဥယျာဉ်တံတား အဝင်ရေလမ်းနှင့် ရေထိန်းရေကာများ တည်ဆောက်ရေးလုပ်ငန်းနေရာ သို့ ရောက်ရှိစစ်ဆေးသည်။
ဥယျာဉ်တံတား ရေလမ်းကြောင်းပြုပြင်ရေးစီမံကိန်းသည် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ် ဆင်သေချောင်းအား ဖြတ်သန်းတည်ဆောက်ထားသော တံတားဖြစ်ပြီး ရာဂီမုန်တိုင်း ဒဏ်ကြောင့် ကမ်းပြိုကမ်းစား ဖြစ်ပေါ်မှုများကြောင့် တံတားပျက်စီးမှုများအပေါ် နိုင်ငံတော် ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ဆင်သေချောင်းရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေကြီး ရေလျှံမှု လျော့ပါးရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဥယျာဉ်တံတားအဝင် ရေလမ်းနှင့် သိုက်ချောင်းတံတား ရေလမ်းကောင်းမွန်ရေး အစီအမံများကို ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းတွင် အလျား မီတာ ၃၀၀၀၊ သိုက်ချောင်းတံတားရေလမ်းတွင် အလျား မီတာ ၃၂၅၀ ရှိ သောင်တူးဖော်ခြင်းလုပ်ငန်း များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် စတင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုမှာ ၂၈ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အထောက်အကူပြု Steel Basket ရေလွှဲရေကာများ တည်ဆောက်ခြင်း အလျား ပေ ၈၅၀ ငါးခုနှင့် Steel Basket မြေထိန်းနံရံအလျား ပေ ၁၅၀ ငါးခုတို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက် မှ စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းပြီးစီးမှုမှာ ၆၇ ရာခိုင်နှုန်းရှိပြီဖြစ်သည်။
ထိုသို့ကြည့်ရှုစဉ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် (လုပ်ငန်း) က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများ အရည်အသွေးပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဆင်သေချောင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေရှည်ဆောင်ရွက်သင့် သောလုပ်ငန်းများ၊ ဥယျာဉ်တံတားနှင့် သိုက်ချောင်း တံတားတို့ ရေရှည်တည်တံ့စေရေး ဌာနကစစ်ဆေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆင်သေချောင်း၏ သဲနုန်းကျဆင်းမှုအား ရေရှည်တွင်ထိန်းသိမ်းရမည့် လုပ်ငန်းများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


