နေပြည်တော် ဒီဇင်ဘာ ၂၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက် ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းမျာနှင့် တရားမဝင်အဆောက်အအုံ များအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မြဝတီမြို့အတွင်း၌လည်း တရားမဝင်ဝင်ရောက် နေထိုင်သူများနှင့် အွန်လိုင်းလောင်းကစား ကျူးလွန်သူများအား ဖမ်းဆီးရမိရေးလုံခြုံရေး ပူးပေါင်းအဖွဲ့များက သတင်းအရ မြဝတီမြို့ ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးခြင်းများ၊ မြဝတီမြို့ အဝင်/အထွက် လမ်းကြောင်းနေရာများနှင့် လမ်းဆုံ လမ်းခွနေရာများတွင် ပိတ်ဆို့စစ်ဆေး ရှာဖွေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း တရားမဝင် တစ်ထပ်အဆောက်အအုံငါးလုံးကို ထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါ အဆောက်အုံများအနက် မြဝတီမြို့မြေနီကုန်းရပ်ကွက်အနီး လူမနေပိတ်ထားသည့် တည်းခိုခန်း အတွင်း၌ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၅ ဦးကိုလည်းကောင်း၊ ဂိုဒေါင်နှစ်လုံးအတွင်း၌ တရားမဝင် ကုန်ပစ္စည်းများဖြစ်သော ကားကြီးတာယာ (ဆိုဒ် TX ၆၀) အလုံး ၂၀၀၊ မိုးကာလိပ်အစိမ်း အလိပ် ၃၀၀၀၊ စက္ကူလိပ်(အကြီး) အလိပ်၂၀၊ Air Fiter ဘူး(အကြီး) အလုံး ၂၀၊ Air Fiter ဘူး(အသေး) အလုံး ၃၀၊ Battery စက်ဘီး ၁၆ စီး၊ ရေစုပ်မော်တာ (၁ ဒသမ ၅ ကောင်) အလုံး ၁၀၀၊ Back Hoe ဘီးခွေ ၂၅ ခု၊ တစ်ရှူးဖာမျိုးစုံ ၃၀၀၀၊ စာရေးကိရိယာမျိုးစုံ ဖာ ၁၀၀၀၊ အလှကုန်ပစ္စည်း အထုပ် ၂၅၀၊ သွပ်ဖာဆီလီကွန်ဖာ ၁၈၀၀၊ စက်ဘီးအစီး ၂၀၊ ကလေးတွန်းလှည်း ၁၅ ခု စုစုပေါင်း တရားမဝင်ကုန်ပစ္စည်း ၁၄ မျိုးကိုလည်းကောင်း သိုလှောင်ထားရှိကြောင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ တရားမဝင်ကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါဝင်ပတ်သက်သူများအား ဆက်လက်စိစစ် ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူ ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပ နိုင်ငံသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြဝတီမြို့နယ် အတွင်းရှိ KK Park နယ်မြေ နှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ထပ်မံ၍အသုံးပြုနိုင်ခြင်း မရှိစေရန်အတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


