နေပြည်တော် ဒီဇင်ဘာ ၂၀
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် နိုင်ငံတော်က ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင် လျက်ရှိသည့် သစ္စာရှိ အစိုးရ ဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် PDF အမည်ခံ အကြမ်းဖက် သမားများသည် ပြည်သူလူထုအကြား အကြောက်တရား လွှမ်းမိုးစေရန်ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့နယ် လယ်ကြီးကျေးရွာအုပ်စု လယ်ကြီးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးလှမင်းကြည် (ဘ) ဦးလှထူးနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ချိုချိုမြင့် (ဘ) ဦးရွှေသောင်းတို့အား လည်းကောင်း၊ မလှိုင်မြို့နယ် မျက်သီးကျင်း (မြောက်)ကျေးရွာနေ ကုန်စုံဆိုင်လုပ်ကိုင်သူ ဒေါ်လှရှင်း (ဘ) ဦးမွှေး၊ ဒေါ်ယဉ်ယဉ်အောင် (ဘ) ဦးညွန့်ရွှေနှင့် ဦးမိုးသူ (ခ) တရုတ်ကြီး (ဘ) ဦးညွန့်ရွှေတို့အား လည်းကောင်း၊ မလှိုင်မြို့နယ် ရုံးတောကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ သားဖွားဆရာမ ဒေါ်အေးအေးခိုင် (ဘ) ဦးကျော်ဝင်းအား လည်းကောင်း ၎င်းတို့နေအိမ်အသီးသီး၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်၍ ယုတ်မာရိုင်းစိုင်းစွာ ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် သားဖွား ဆရာမဖြစ်သူ ဒေါ်အေးအေးခိုင်အပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ခြောက်ဦးတို့သည် ကျည်ထိမှန် ဒဏ်ရာများဖြင့် ၎င်းတို့နေအိမ်အသီးသီး၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်က ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် သစ္စာရှိအစိုးရဝန်ထမ်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သတ်ဖြတ်ခဲ့ကြသဖြင့် ဒေသတွင်း လူမှု၊ စီးပွား၊ ကျန်းမာရေးကဏ္ဍများ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ရပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်ခဲ့ကြသည့် PDF အမည်ခံ အကြမ်းဖက် သမားများအား ဒေသခံပြည်သူများက ကန့်ကွက်ရှုံ့ချလျက်ရှိပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်


