နေပြည်တော် ဒီဇင်ဘာ ၂၁

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းရှင်များနှင့် ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား အသီးသီးတင်ပြ

ဦးစွာ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်မြို့သာယာ လှပရေးဆောင်ရွက်ထားရှိမှု၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှုရှိစေရေး ဇုန်အလိုက်သတ်မှတ်၍ မွေးမြူဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိမှု၊ ခရိုင်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားလာစေရေး ဆောင်ရွက်လျက် ရှိမှု၊ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုပိုမိုကောင်းမွန်စေရေး နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက် ပေးစေလိုမှုတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ခရိုင်အတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိမှုနှင့် ဥယျာဉ်ခြံမြေသီးနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိမှု၊ ဆီထွက်သီးနှံ နှမ်းအား ပန်းတိုင် အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပြည်ခရိုင်အတွင်း ဒေသဝမ်းစာဖူလုံမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း စိုက်ပျိုးရေတိုးတက်လွှမ်းခြုံ ဖြန့်ဝေပေးဝေနိုင်မှု၊ ပြည်ပပို့ကုန် ဈေးကွက်သစ်ရရှိရေးအတွက် ပေါ်ဆန်းမွှေးမျိုးစပါးအား စမ်းသပ်စိုက်ပျိုးလျက်ရှိမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိမှုနှင့် ဆီဖူလုံမှု၊ ခရိုင်အတွင်း အသား၊ ဥ၊ နို့ ထုတ်လုပ်မှု၊ စားသုံးမှုနှင့်ဖူလုံမှု၊ ငါးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ငါးထုတ်လုပ် မှုနှင့်ဖူလုံမှု၊ တိုင်းဒေသကြီးအတွင်း လိုအပ်ချက်ရှိသည့် နေရာများ၌ ပညာရေးဝန်ထမ်းများ ဖြည့်တင်းခန့်အပ်ပေးစေလိုမှုတို့နှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် မြို့မမြို့ဖများက နိုင်ငံတော်အနေဖြင့် ပြည်မြို့ကမ်းနားလမ်း တစ်လျှောက်အား အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့သည့်အတွက် ဒေသခံပြည်သူများက ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိမှု၊ ပြည်မြို့ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးစေလိုမှု၊ ရထားခရီးစဉ်ပြေးဆွဲမှုအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ချေးငွေများ ထပ်မံချထားပေးစေလိုမှု၊ ပြည်မြို့အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးစေလိုမှု၊ ပြည်တွင်းဆီစက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှချမှတ်ပေးထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်၍လည်း ဈေးကွက်ဝေစုပိုမိုရရှိရေး၊ လုပ်ငန်းများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည့်မူဝါဒများကို ဆက်လက် လမ်းညွှန် ပေးစေလိုမှု၊ ပြည်တွင်းခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများသုံး သန့်စင်ခန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို အသီးသီး တင်ပြကြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ပြန်လည် ဆွေးနွေးပြောကြား

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးကိုကိုလွင်တို့က ဝန်ကြီးဌာနများအလိုက် လုပ်ငန်းဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံတော်တစ်ဝန်း တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှု ရှိစေရေးအတွက် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိမှု၊ ပဲခူးတိုင်းဒေသကြီး အတွင်း ၂၀၂၁ ခုနှစ်မှစ၍ ယခုနှစ်အထိ နှစ်အလိုက် အမှုအခင်းများဖြစ်ပွားမှုနှင့် တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာသည်ကို တွေ့ရှိရမှု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုမှ ဝိုင်းဝန်းပါဝင်ကူညီ ဆောင်ရွက်သွားရန် လိုအပ်မှု၊ မကြာမီကျင်းပပြုလုပ်သွားမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဆောင်ရွက် သွားနိုင်ရေး စီမံထားရှိမှု၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူကိုဗဟိုပြုသည့် လုံခြုံရေး စနစ်ဖြစ်သဖြင့် ပြည်သူလူထုတစ်ရပ်လုံးမှလည်း လုံခြုံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည့် ပူးပေါင်းပါဝင်မှုများကို ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုမှု၊ သရေခေတ္တရာ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေအတွင်း စနစ်တကျဖြစ်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေစေရေး၊ ဝန်ဆောင်မှုနှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ မြို့ဟောင်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ၊ ကျုံးများပြန်လည်တူးဖော်ရန် ဆောင်ရွက်လျက်ရှိမှု၊ ဆီစက်လုပ်ငန်းများမှထွက်ရှိလာသည့် ကြိတ်ဖတ်များသည် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သဖြင့် ပြည်ပမှတိရစ္ဆာန်အစာများ တင်သွင်းနေမှုကို လျှော့ချနိုင်မှု၊ ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်ငွေကြေးများအား နိုင်ငံတော်မှစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးလျက်ရှိမှု၊ ပြည်ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ဆက်လက်တူးဖော် ထွက်ရှိနိုင်မှု၊ ပြည်ရေနံမြေမှ ရေနံထုတ်လုပ်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်မှုနှင့် ပြည်တောင်တန်းရေနံမြေမှ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး သုတေသနပြု ဆောင်ရွက်လျက်ရှိမှု၊ ပြည်ဒေသတွင် နိုင်ငံအတွက် စွမ်းအင်အရင်းအမြစ် အဆောက်အအုံများရှိမှု၊ အခြေခံအရင်းအမြစ်များကို ထိန်းသိမ်းရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ဝိုင်းဝန်းဆောင်ရွက် ကြစေလိုမှုတို့နှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်းပြောကြားကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးအဆင့် ဖြေရှင်း ဆောင်ရွက်ပေးနိုင်သည်များအား အမြန်ဆုံးဖြေရှင်းဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့်သို့ တင်ပြဆောင်ရွက်သွားရန် လိုသည်များကို ဆက်လက်တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

 

mdn

 

တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြား

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မိမိတို့စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ပညာရေးဝန်ထမ်းအများစုသည် လုပ်ငန်းခွင်စွန့်ခွာမှုများကို သစ္စာမဲ့စွာဖြင့် လုပ်ဆောင်ခဲ့ကြသောကြောင့် နိုင်ငံအတွင်း ပညာရေး ဝန်ထမ်းများ လိုအပ်ချက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အချို့ပညာရေးဝန်ထမ်းများ အနေဖြင့် ခြိမ်းခြောက် အကျပ်ကိုင်ခံရမှု၊ ဖိအားပေးခံရမှု၊ နိုင်ငံရေးဝါဒမှိုင်းရိုက်ခတ်မှုတို့ကြောင့် လုပ်ငန်းခွင် စွန့်ခွာခဲ့ရမှုများရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ထိုသို့စွန့်ခွာခဲ့ရသူများအား အခွင့်အရေး ပေးသည့်အနေဖြင့် ပြန်လည်သတင်းပို့သူများကို လုပ်ငန်းခွင်စွန့်ခွာသူများစာရင်းမှ ပယ်ဖျက် ပေးခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်၍ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် စွန့်ခွာမှုများကို ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများက အများဆုံးလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး မိမိတို့ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပေါ်နေမှု အခက်အခဲအကျပ်အတည်းများ၊ နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာရေး ဝန်ထမ်း လိုအပ်ချက်များ စသည်တို့ကိုနည်းလမ်းမျိုးစုံဖြင့် ကျော်လွှားခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းကြရန်လိုပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ သိမြင်ကြရန်လိုကြောင်း၊ တင်ပြချက်များတွင်ပါဝင်သည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့်လည်း အင်တိုက်အားတိုက် တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ရှိသည့် အဖွဲ့အစည်းများအပြင် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝိုင်းဝန်းပါဝင်မှသာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အများသုံး သန့်စင်ခန်းများ အဆင့်မြှင့်တင်ရေးနှင့် သန့်ရှင်းမှုရှိစေရေးကြပ်မတ် ဆောင်ရွက် ပေးစေလိုမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ထမ်းများအပြင် စည်းနှင့်ကမ်းနှင့် သုံးစွဲ တတ်သည့်၊ နေထိုင်သွားလာတတ်သည့် လူ့ဘောင်အဖွဲ့အစည်းနှင့် လူ့အသိုက်အဝန်းများဖြစ်ရန်လည်း လိုကြောင်း၊ ထို့ကြောင့် အခြေခံ ပညာကျောင်းများကတည်းကပင် အခြေခံစည်းကမ်းများကို လေ့ကျင့် သင်ကြားပေးလျက်ရှိပြီး အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကပင်ဖြစ်ကြောင်း၊ တစ်မျိုးသားလုံး စည်းကမ်းကောင်းမွန်ရေးအတွက် အားလုံးက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြမှသာလျှင် စည်းကမ်း စနစ်တကျရှိပြီး သန့်ရှင်းသာယာလှပသည့် ဒေသ၊ မြို့တော်နှင့် နိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင် မည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

 

ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေး

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ပတ်သက်၍ ခရီးသွားကဏ္ဍတွင် တည်းခိုရေး၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှု၊ လက်ဆောင်ပစ္စည်းများရောင်းချခြင်း စသည့်တို့ပါဝင်နေကြောင်း၊ ပြည်တွင်းခရီးသွားလာမှုတွင် ဘုရားဖူးခရီးသွားခြင်းသည် အများဆုံးဖြစ်ကြောင်း၊ မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်း သာယာလှပရေး၊ ဝန်ဆောင်မှုကောင်းပေးနိုင်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် လိုကြောင်း၊ မိမိတို့ဒေသသို့ လာရောက်သူများအနေဖြင့် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် ဒေသ၏အထင်ကရနေရာများ၊ ဒေသ၏သာယာလှပမှုများကို ခံစားလည်ပတ်နိုင်ရန် လိုကြောင်း၊ ထို့ကြောင့် တစ်ဦးချင်း၊ တစ်အိမ်ချင်း သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်ဖြစ်စေရန် ဆောင်ရွက်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာရုံး၊ ဌာနအလိုက် လမ်း၊ တံတား၊ အဆောက်အအုံများကို စနစ်တကျထိန်းသိမ်းခြင်းဖြင့် ဒေသသာယာလှပမှုကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မြို့တွင်းရေစီးရေလာများ ကောင်းမွန်စေရေးအတွက်လည်း အမှိုက်များ ကင်းစင်အောင် ဆောင်ရွက်သကဲ့သို့ ဒေသသာယာလှပရေးအတွက် မည်ကဲ့သို့ ကောင်းမွန်အောင် ဆောင်ရွက်မည်ကို စဉ်းစားတွေးခေါ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ဒေသခံများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြစ်ရန်၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများအတိုင်း လိုက်နာနေထိုင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေများကို လိုက်နာမှုမရှိဘဲ ကျော်လွန်လုပ်ဆောင်ခဲ့မှုများသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်စေလျက် ရှိကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလည်း အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ပြည်တွင်း လည်ပတ်သုံးစွဲငွေများ များလာခြင်း၊ Non-Trade Incomeများ ရရှိလာခြင်း၊ ထုတ်ကုန်ပစ္စည်းများ ရောင်းချရခြင်း၊ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုလည်ပတ်လာစေခြင်းတို့ကိုလည်း ဖြစ်ပေါ်လာစေမည် ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် ဒေသနှင့်နိုင်ငံတော်၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ကြောင်း။

 

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်  ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရချိန်အတွင်း ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ပြီး စီးပွားရေးအားကို မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့ဆိုသည့်အတိုင်း ပြည်တွင်း ကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်လို ကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရာတွင်လည်း အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုပြီး ပြည်တွင်းမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ့ စီးပွားရေးအား‌ ကောင်းမွန်လာစေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ခေတ်အဆက်ဆက် အစိုးရများ အနေဖြင့်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဆိုင်ရာမူဝါဒများ၊ လမ်းညွှန်ချက်များ အများအပြား ချမှတ်ဆောင်ရွက်ခဲ့ကြပြီး အောင်မြင်သည်များရှိခဲ့ သကဲ့သို့ မျှော်မှန်းသည့်အတိုင်း ဖြစ်မလာခဲ့သည်များလည်းရှိကြောင်း၊ ထို့ပြင် ကျင့်သုံးဆောင်ရွက်ခဲ့သည့် နိုင်ငံရေးစနစ်များ၌ အုပ်ချုပ်ရေးအရ စီမံခန့်ခွဲမှုအားနည်းချက်များ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ၊ မှောင်ခိုစီးပွားရေးစနစ် ဖြစ်ပေါ်လာမှုများ၊ သယံဇာတများ ခိုးထုတ်ခံရမှုများ၊ ရာသီဥတု ဖောက်ပြန်မှုများကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းမှုများလည်းဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည်များလည်း ရှိခဲ့ကြောင်း။

 

စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တစ်ဧက ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ ထွက်ရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေကြသူများကို မြေပြင်ကွင်းဆင်း၍ လိုအပ်ချက်များ သုတေသနပြုမေးမြန်းခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစွာ ဆောင်ရွက်နိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာခြင်းဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းလာမည် ဖြစ်သကဲ့သို့ သွင်းကုန်ပစ္စည်းများကိုလည်း လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်း နေရခြင်းကြောင့် နိုင်ငံခြားငွေများစွာ သုံးစွဲနေရကြောင်း၊ ပြည်ခရိုင်အတွင်း စားသုံးဆီ ဖူလုံမှုမှာ ၅၀၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရှိရပြီး ဆီထွက်သီးနှံများကို ယခုထက်ပိုမို တိုးတက် အောင်မြင်စေရေး ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။

 

ပြည်ခရိုင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ယခုထက်ပိုမို တိုးတက် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ MSME ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပစ္စည်းအရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်သကဲ့သို့ ထုပ်ပိုးမှုစနစ်များကိုလည်း အဆင့်မီစွာဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်တွင်း MSME လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးနိုင်ရန်လိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုး ထုတ်လုပ်မှုများရှိပြီး ဝါများမှတစ်ဆင့် အရည်အသွေးပြည့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များဖြင့် MSME လုပ်ငန်းများကို ဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် တန်ဖိုးမြှင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ဒေသတွင်းဖူလုံမှုမှ ပိုလျှံသည်များကို ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ရောင်းချနိုင်ကြောင်း။

 

လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး

မကြာမီရက်ပိုင်းအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းတွင်ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း၊ ဆန္ဒမဲများ ပေးရာတွင်လည်း နိုင်ငံနှင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လေးစား လိုက်နာ ဆောင်ရွက်နိုင်သူ၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးအမြင်ရှိသူ၊ နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လိုကြောင်း၊ သို့ဖြစ်၍ ဆန္ဒမဲများပေးရာတွင် လူရွေးချယ်မှုမှန်ကန်ရန်လိုပြီး နိုင်ငံတော်က လျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ယုံကြည်ပါက မဲစာရင်းတွင် ပါဝင်သူများအားလုံး ဆန္ဒမဲပေးကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ လယ်ယာသုံး ထုတ်ကုန် ပစ္စည်းများအား လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

 

ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် သရေခေတ္တရာမြို့ဟောင်း၏ အနောက်တောင်ဘက်ရှိ ဒွတ္တဘောင် မင်းကြီး တည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် အထင်ကရစေတီတစ်ဆူဖြစ်သည့် ဘောဘောကြီး စေတီသို့ ရောက်ရှိကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက စေတီတော်ကြီးအား ရှေးမူလက်ရာမပျက် ထိန်းသိမ်းထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

 

mdn

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ရှေးဟောင်းအမွေအနှစ်လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အအုံများသည် တန်ဖိုးဖြတ်၍ မရနိုင်သည့် အမွေအနှစ်များဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း၊ စေတီတော်ကြီး လုံးပတ်တော်ပေါ်၌ သစ်ပင်ငယ်များ ပေါက်ရောက်နေခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ် ဖယ်ရှား ရှင်းလင်းသွားရန်လိုကြောင်း၊ စေတီတော်ပရိဝုဏ်နှင့် အနီးတစ်ဝိုက်တွင် ချုံနွယ်များအား ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများအား အောက်ခြေရှင်း အလင်းဖွင့်ခြင်းများကို ဆောင်ရွက်ပေးသွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သည်။

 

ယင်းနောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန် မှာကြားသည်။

 

ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ပြည်မြို့မှော်ဇာကျေးရွာအုပ်စု သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်းရှိ မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် လက်သည်းရေကန် ကျောင်းတိုက် (ခ) သုံးပန်လှ ကျောင်းဝင်းအတွင်းရှိ နှစ်ထပ်အုတ်တိုက်အား ရှေးမူ လက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံထား ရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်