ရန်ကုန်    ဒီဇင်ဘာ    ၂၁

ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပမည့် ၂၀၂၅ အာဆီယံ ယူ-၁၉ ဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲနှင့် ၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာလူငယ်ဖူဆယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်မှစတင်ကာ လူငယ်ဖူဆယ်ပြိုင်ပွဲများ စတင်ကျင်းပပြီး ထိုင်းနိုင်ငံက ပြိုင်ပွဲနှစ်ခုစလုံးကို တစ်ပြိုင်နက်တစ်နေရာတည်းတွင် လက်ခံကျင်းပမည်ဖြစ်သည်။ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကမ္ဘောဒီးယားအသင်း နုတ်ထွက်သွားသဖြင့် ခြောက်သင်းသာကျန်တော့ပြီး အုပ်စု(A)တွင် ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အုပ်စု(B)တွင် အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှားအသင်းတို့ ပါဝင်သည်။  

ြန်မာအသင်းသည်    အုပ်စုပွဲများအဖြစ်   ဒီဇင်ဘာ   ၂၄   ရက်တွင် မလေးရှားအသင်း၊ ဒီဇင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ငါးသင်းသာရှိသဖြင့်   ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းအသင်း  ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ်  ဒီဇင်ဘာ  ၂၃  ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းအသင်း၊ ဒီဇင်ဘာ ၂၅ ရက်တွင် ဗီယက်နမ်အသင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဘရူနိုင်းအသင်းနှင့် ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၆ ဖူဆယ်အသင်းကို ဦးကျော်ဇင်ညွန့်၊   ယူ-၁၉   ဖူဆယ်အသင်းကို     ဦးကျော်စိုးမိုး တို့က နည်းပြချုပ်အဖြစ် ကိုင်တွယ်နေပြီး ယခုနှစ်အတွင်းကျင်းပခဲ့သည့် FIFA-MFF ယူ-၁၉ ဖူဆယ်လိဂ်နှင့် ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF