ဘားအံ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူငယ်ရေးရာကော်မတီတို့ ကြီးမှူးကျင်းပသော အခြေခံ ကင်းထောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ဘားအံမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်သင်ကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၆၀၊ နည်းပြ ၂၁ ဦး၊ ကြီးကြပ်ရှစ်ဦးတို့ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတော်မှ အားထားရမည့် ကြီးမားသည့် အင်အားစုဖြစ်သော ကျောင်းသား ကျောင်းသူ လူငယ်များကို “အစဉ်အသင့်” ဟူသော ကင်းထောက်ဆောင်ပုဒ်နှင့်အညီ မည်သည့်အရေးပေါ်ကိစ္စတာဝန်ကိုမဆို ဖြတ်ထိုးဉာဏ်ဖြင့် ကင်းထောက်လုပ်ငန်းများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်တတ်စေရန် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ယခင်နှစ် ကင်းထောက် လူငယ်သင်တန်းလှုပ်ရှားမှု ဗီဒီယိုကို အတူတကွ ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီ ကင်းထောက် လူငယ်သင်တန်းအတွက် အလှူငွေ ချီးမြှင့်ပေးအပ်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူတစ်ဦးက ကင်းထောက်နည်းပြနှင့် သင်တန်းသား သင်တန်းသူ များအတွက် ကင်းထောက် လည်စည်းများ၊ ကင်းထောက် လက်စွဲစာအုပ်များကို ပေးအပ်သည်။
ယင်းနောက် တက်ရောက်လာကြသူများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။
ယမန်နေ့ ညပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ သီရိကွင်း ဒုံးစင်မြင့်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ရိုးရာယဉ်ကျေးမှု အကအလှများ ဖြင့်ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိကွင်းအတွင်း ဇာတ်သဘင် အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေမှု၊ မန်းနဲစန်လမ်းနှင့် ကျော်ဇေယျ လမ်းထောင့်ရှိ မီးပုံးပျံကွင်း၌ ပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


