ပုသိမ်ကြီး ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာရှိ သစ္စာအဓိဋ္ဌာန် သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရာ ရှေးမူမပျက် ပြန်လည်တည်ဆောက်နိုင်ရေး ဩဝါဒခံယူပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါ ဘုရားဝင်း၌ ကျင်းပရာ မြို့နယ်အတွင်းရှိ ပဓာနနာယက ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးဥတ္တမနှင့် ဆရာတော်ကြီးများ ကြွရောက်သည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဆရာတော်ကြီးများအမှူးပြု၍ ဥက္ကဋ္ဌဆရာတော်က ငလျင်ဒဏ်သင့်ပြီးချိန် ထီးတော်မှ ပျက်စီး၍ ရရှိလာသည့် ရတနာပစ္စည်းများကို ပြန်လည် ထည့်သွင်းအသုံးပြုရန်၊ ချို့ယွင်းချက်မရှိ ဓမ္မ/လောက ညီမျှစွာ ဆောင်ရွက်ကြရန်နှင့် စေတီတော်မြတ်ကြီး ရှေးမူမပျက် ပြန်လည်ပြုပြင် မွမ်းမံနိုင်ရေး ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များအား မိန့်ကြားသည်။
ဆက်လက်၍ ဂေါပကဥက္ကဋ္ဌ ဦးသိန်းဇော်က ယခင်ရရှိထားသည့် အလှူငွေများနှင့် ထပ်မံရရှိသည့် အလှူငွေများကို လျှောက်ထားတင်ပြပြီး စေတီတော်ကြီးပျက်စီးမှုနှင့် ပြုပြင်နေမှု အခြေအနေများ၊ ပြီးစီးမှု အတိုင်းအတာများကို ဆရာတော်ကြီးများအား လျှောက်ထားတင်ပြ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့သည်။ အဆိုပါ သမိုင်းဝင် ရွှေစာရံဘုရားကြီး၏ ငှက်မြတ် နားတော်၊ ထီးတော်တို့တွင် ဗုဒ္ဓဘာသာဝင် မည်သူမဆို ဂေါပကဥက္ကဋ္ဌ ဦးသိန်းဇော် ဖုန်း- ၀၉၄၄၄၀၃၄၂၉၉ နှင့် အလှူခံ တာဝန်ခံဂေါပကအဖွဲ့ ၀၉- ၄၄၁၀၃၃၇၉၁ တို့တွင် ဓမ္မမိတ်ဆွေများ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)


