ဂျေရုဆလင် ဒီဇင်ဘာ ၂၁
အနောက်ဘက်ကမ်း၌ အခြေချနေထိုင်ရေးစင်တာ ၁၉ ခု တည်ထောင်ရန် အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့က အတည်ပြုခဲ့ပြီး ယခုဆောင်ရွက်ချက်ကြောင့် ဒေသတွင်းရှိ အခြေချနေထိုင်ရေး စင်တာ အရေအတွက် ၆၉ ခုအထိ ရှိလာကြောင်း တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီး ဗေဇယ်ဆမိုထရက်က အခြေချနေထိုင်ရေးစင်တာသစ် ၁၉ ခုကို ထပ်မံတည်ထောင်ခွင့်ပြုရန် ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်နှင့်အတူ အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း သိရသည်။
ယခုခွင့်ပြုချက်အရ ထပ်မံတည်ထောင်မည့် စင်တာများအပြင် ယခင်က ခွင့်ပြုချက်မရှိဘဲ တည်ထောင်ထားသည့် စင်တာများကိုပါ ခွင့်ပြုမည်ဖြစ်သည်။
ယခုဆောင်ရွက်ချက်သည် အနောက်ဘက်ကမ်းဒေသတွင် ဂျူးလူမျိုးများ၏ အခြေချနေထိုင်မှုကို မြှင့်တင်ရန်ဖြစ်ပြီး ၎င်းဒေသတွင် ပါလက်စတိုင်းများ၏ အနာဂတ်နိုင်ငံတည်ထောင်ရေးလုပ်ငန်းကို ဟန့်တားရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆမိုထရက်က ပြောသည်။
ဟန့်တားရေးဆောင်ရွက်
အနောက်ဘက်ကမ်းတွင် ယခုကဲ့သို့အခြေချနေထိုင်မှုများ မြှင့်တင်ရေးအတွက် အစ္စရေး၏ ဆောင်ရွက်ချက်သည် နိုင်ငံတကာမှ ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ဆောင်ရွက်ခြင်းဖြစ်သည်။
လက်ရှိ လက်ယာဝါဒီအစိုးရ တာဝန်ယူချိန်မှစတင်၍ အစ္စရေးသည် အနောက်ဘက်ကမ်းဒေသတွင် ဂျူးလူမျိုးများ အခြေချနေထိုင်မှု မြှင့်တင်ရေးဆောင်ရွက်ခဲ့သည်။ ၎င်းဆောင်ရွက်ချက်သည် နှစ်နိုင်ငံ ဖြေရှင်းချက်ကို ဟန့်တားရေးဆောင်ရွက်ချက်ဖြစ်ပြီး တင်းမာမှုများ မြင့်တက်စေကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများကပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


