ရန်ကုန် ဒီဇင်ဘာ ၂၁

 

အင်းစိန်မြို့နယ်၌ စာရေးဆရာအသင်းမှ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ၊ စာပေဟောပြောပွဲနှင့် ဆုရစာရေးဆရာမ ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်(ဂ)ရပ်ကွက်ရှိ ဇေယျာသီရိဆွမ်းလောင်းဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း အမှုဆောင် ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ် မြမဉ္ဇူ)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍ အတွင်းရေးမှူး ဦးတင်ဌေးအောင် (ရန်မိုးအောင်-အင်းစိန်)က ၁၃၈၇ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ သဝဏ်လွှာကို ဖတ်ကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

 

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ၊ အမြင်သစ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအုန်းရွှေ၊ မြို့မိ မြို့ဖ ဦးဘိုကြည် (ဒေါက်တာဗိုလ်သံမဏိ - တောင်တွင်းကြီး) တို့က မုဒိတာစကားများ ပြောကြားကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရှင် စာရေးဆရာ မြင်းမူမောင်နိုင်မိုးက “မိခင်မေတ္တာအကြောင်းနှင့် ဗဟုသုတရဖွယ် စာပေအကြောင်းအရာများ ကို ဟောပြောပြီး ဆရာတော်မြင့် (ငှက်ဖျား)က ဂန္ထဝင်စာရေးဆရာအကြောင်းနှင့် စာရေးဆရာမကြီး ရွှေကူမေနှင်းက အချစ်ဆုံးရဲ့ တက္ကသိုလ်စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးဟောပြောသည်။ ဟောပြောသွားကြသော စာရေးဆရာများနှင့် ၂ဝ၂၄ ခုနှစ် စာပေဗိမာန်ဆုများရှင် (စာပဒေသာ) ဆုရ တက္ကသိုလ်မြမဉ္ဇူတို့ကို တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး စာရေးဆရာအသင်း အသက် (၇ဝ) နှစ်အထက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဆက်လက်ပြုလုပ်ပြီး သက်ကြီးစာရေးဆရာကြီး ဆရာမကြီးများအား ကန်တော့ပစ္စည်းများနှင့် ငွေသားများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြင့်ဦး