နေပြည်တော် ဒီဇင်ဘာ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်အတွင်းရှိ မင်းကုန်းကျေးရွာ နှင့် ဝါးယားကုန်းကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် လှည်းကူးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မင်းကုန်း-ဝါးယားကုန်း ကျေးရွာ ချင်းဆက်လမ်း ပေ ၃၉၀၀ ကွန်ကရစ်ခင်းခြင်းနှင့် အမာခံလမ်း ပခုံး ဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြမှု အပေါ် ဒုတိယဝန်ကြီးက အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီး ရေးဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် မင်းကုန်းကျေးရွာ အုပ်စု ဝါးယားကုန်းကျေးရွာသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်း အရှည် ၂ ဖာလုံ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ကျေးရွာသူ ကျေးရွာသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အားလုံးဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်