တွံတေး ဒီဇင်ဘာ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် မြဂိုး ကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)တွင် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူရေး ဒီပလိုမာသင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသံချောင်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)ကျောင်းအုပ်ကြီး ဦးဝင်းကိုကိုက မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် စံပြမောင်၊ စံပြမယ်ရရှိသူများအား ယခင်နှစ် စံပြမောင်၊ စံပြမယ်နှင့် ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသံချောင်း၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးတို့က စလွယ် နှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ ယင်းနောက် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က ဖျော်ဖြေရေး အဖွဲ့များအတွက် ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်သည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၌ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပထမနှစ် ၁၀၀၊ ဒုတိယ နှစ် ၄၃ ဦး၊ တတိယနှစ် ၅၉ ဦး သင်တန်းသား သင်တန်းသူ ၂၀၂ ဦး သင်တန်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)


