ဒီဇင်ဘာ ၂၂
၂၀၂၅ ခုနှစ်အတွင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ အာဖဂန်ဒုက္ခသည် ၂ ဒသမ ၈ သန်းနီးပါး နေရပ်သို့ပြန်လာခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သတင်းထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအေဂျင်စီက ကြေညာချက်တစ်စောင်တွင် လူသားချင်းစာနာထောက်ထားမှုနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိန်ခေါ်မှုများတိုးပွားလာနေကြောင်း သတိပေးခဲ့ပြီး နေရပ်သို့ပြန်လည် ရောက်ရှိလာသူအများစုသည် အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်သည်ဟု သိရသည်။
လိုအပ်ချက်များကိုဖြေရှင်းရန်အတွက် ထိုအေဂျင်စီအနေဖြင့် မိသားစုများ ရောက်ရှိလာချိန်တွင် ထောက်ပံ့ရန် ကာကွယ်ရေးဝန်ဆောင်မှုများ၊ မရှိမဖြစ်လိုအပ်သောကယ်ဆယ်ရေးပစ္စည်းများနှင့် ယာယီအမိုးအကာများအပါအဝင် အရေးပေါ်အကူအညီများ ပေးအပ်ရန် အမေရိကန်ဒေါ်လာ ၂၅၈ ဒသမ ၆ သန်း ရှာဖွေလျက်ရှိကြောင်း UNHCR က ပြောကြားခဲ့သည်။
အရေးပေါ်ဆိုင်ရာနိုင်ငံတကာအထောက်အပံ့မရှိပါက ပြန်လည်ရောက်ရှိလာသူများ၊ အိမ်နီးချင်းနိုင်ငံများရှိ အားနည်းချက်များနှင့် ရန်ပုံငွေပြတ်လပ်မှုများ စုပေါင်းကာ အာဖဂန်နစ္စတန်၏ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေနိုင်သည်ဟု အေဂျင်စီက သတိပေးခဲ့သည်။
အာဖဂန်ဒုက္ခသည် ခြောက်သန်းနီးပါး (အများစုမှာ စာရွက်စာတမ်းမဲ့များဖြစ်ပြီး) သည် လက်ရှိတွင် ပြည်ပတွင် နေထိုင်လျက်ရှိရာ အများစုသည် အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် နေထိုင်ကြကြောင်း အာဖဂန် ဒုက္ခသည်များနှင့် ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာနက ဇူလိုင်လနှောင်းပိုင်းက ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


