နေပြည်တော် ဒီဇင်ဘာ ၂၂

 

ကလေးမြို့၌ ငွေကျပ် ၃၂၆၄ ဒသမ ၂၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ (၁၆) ရှိ ဗန်လားရိုထန်းငါ (ခ) ထန်းသဲ (၂၈) နှစ်နှင့် မမန်းဟောက်ကိမ် (၃၁) နှစ်တို့၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး TRA-MADOL ဆေးတောင့် ၃၁၃၀၀၀(တစ်တောင့် လျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၁၉၁ သိန်း)၊ စိတ်ပြောင်းဆေးဝါး ALPRAZOLAM ဆေးပြား ၇၁၅၅၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၀၇၃ ဒသမ ၂၅ သိန်း) တို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် ဗန်လားရိုထန်းငါ (ခ) ထန်းသဲ နှင့် မမန်းဟောက်ကိမ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ထို့အတူ ဒီဇင်ဘာ ၂၀ ရက် ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာအုပ်စု စည်ကားကျေးရွာနှင့် ဝါးဘိုးရေကျေးရွာ ချင်းဆက်လမ်းတွင် လမ်းလျှောက်လာသူ စိုင်းဆာအေး (ခ) ဒေါန (၅၁) နှစ်၊ ဝါးဘိုးရေကျေးရွာ ပြင်ဦးလွင်မြို့နယ်နေသူအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀၀ (တစ်ပြားလျှင်ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၃၄ သိန်း) ကို သိမ်းဆည်းရမိသဖြင့် စိုင်းဆာအေး (ခ) ဒေါနအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်