KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၄၈၈ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ မြဝတီမြို့နှင့်အနီးတစ်ဝိုက်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများအား ချိပ်ပိတ်သိမ်းဆည်း
နေပြည်တော် ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ် နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် လေးထပ်အဆောက်အအုံ သုံးလုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၈၈ လုံး ကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ KK Park နယ်မြေ အတွင်းရှိ အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင် အဆောက်အအုံများကို အလုံးစုံ ပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီး ခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက် မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ နှစ်ထပ်အဆောက်အအုံ ၃၆ လုံးကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ် မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက်အအုံများ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ခြင်းမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှ စတင်၍ ရှာဖွေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း အဆောက်အအုံ ၁၉ လုံးကို ထပ်မံရှာဖွေစစ်ဆေးနိုင်ခဲ့ကြောင်း၊ ထိုသို့ရှာဖွေစစ်ဆေးပြီးစီးသည့် အဆောက်အအုံ ၄၆၄ လုံးအနက် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၁၂ လုံးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါအဆောက်အအုံများအား ပြန်လည်အသုံးပြုမှု မရှိစေရေးအတွက် ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အဆိုပါ တရားမဝင်အဆောက်အအုံ အားလုံးကို ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် KK Park နှင့် ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


