PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့တို့ကို ဆက်သွယ်ထားသည့် ဧရာဝတီတံတား (ရတနာသိင်္ခ) နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိ
နေပြည်တော် ဒီဇင်ဘာ ၂၂
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ ရွာအချို့အား ပြန်လည်သိမ်းပိုက်ရရှိရေး အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် ယင်းဒေသတစ်ဝိုက်အား ထပ်မံ၍ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် အဆိုပါဒေသအား ယာယီစိုးမိုးထားစဉ် မြို့/ ရွာများအတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များအတွင်း ဝင်ရောက်နေရာယူ၍ ဘန်ကာများပြုလုပ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများ အဓိကသွားလာအသုံးပြုလျက်ရှိသည့် လမ်း/ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၉ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့တို့ကို ဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည် စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့် ဧရာဝတီတံတား (ရတနာသိင်္ခ) ကို လည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ ရေလယ်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့အကြားတွင် လည်းကောင်း၊ RP6-A2 ချဉ်းကပ် လမ်းနေရာတို့တွင်လည်းကောင်း ကျိုးကျပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာ နိုင်ခြင်းမရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရသည်။
ထို့ကြောင့် ခရီးသွားပြည်သူများ ပြန်လည်သွားလာနိုင်ရေး၊ ဒေသတွင်း ကုန်စည်စီးဆင်းမှု ပြန်လည်လည်ပတ်နိုင်ရေး တံတားပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးတို့အတွက် အဆိုပါ တံတားနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် အဆိုပါ ဧရာဝတီတံတား (ရတနာသိင်္ခ) နှင့် ယင်းနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများက အဆိုပါနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိခဲ့သည့်အတွက် ဧရာဝတီတံတား (ရတနာသိင်္ခ) အား ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ တံတားပြန်လည်ပြုပြင်ပြီးစီးပါက ဒေသအတွင်း ကုန်စည်ကူးသန်းရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်မည် ဖြစ်သည့်အတွက် ပြည်သူများက ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရပြီး တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


