ကိုလံဘို ဒီဇင်ဘာ ၂၂
သီရိလင်္ကာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် အိမ်ရာများ တည်ဆောက်ပေးရေးဆောင်ရွက်နေကြောင်း အိမ်ရာ ဆောက်လုပ်ရေးနှင့် ရေပေးဝေရေးဝန်ကြီး ဆူဆေရာနာဆင်းဂီးက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောသည်။
အဆိုပါ မုန်တိုင်းတိုက်ခတ်သည့် ကာလအတွင်း အိမ်ခြေ ၆၀၀၀ ကျော် လုံးဝပျက်စီးခဲ့ကာ အိမ်ခြေ ၁၀၀၀၀ မှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။နိုင်ငံအတွင်း အချို့ဒေသများတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးကြောင့် နေထိုင်ရန် မသင့်တော်သည့် အခြေအနေအထိ ပျက်စီးခဲ့သည့် အိမ်များရှိကြောင်း သိရသည်။ သမ္မတရုံးအနေဖြင့် လက်ရှိအချိန်တွင် သဘာဝဘေးထိခိုက် ခံစားခဲ့ရသည့်ဒေသများမှ ဒေသခံများ၏ လူမှုစီးပွားဘဝများ ပုံမှန်ရောက်ရှိစေရေးအတွက် ရန်ပုံငွေများ ထုတ်ပေးလျက်ရှိပြီး သဘာဝဘေးကျရောက်လွယ်သည့် ဒေသများမှ ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရေးဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောသည်။
နိုင်ငံအတွင်း သဘာဝဘေးထိခိုက်ခံစားခဲ့ရသူများအတွက် အနာဂတ်ကာလတွင် ရေရှည်ဘေးကင်းစွာ နေထိုင်ရေးအတွက် ပြန်လည်နေရာချထားရေးအစီအစဉ်ကို ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ သီရိလင်္ကာပါလီမန်သည် ဒီဇင်ဘာ ၁၉ ရက်က ဆိုင်ကလုန်းမုန်တိုင်းဒီဝါ တိုက်ခတ်ခြင်းကြောင့် ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စုများအတွက် လျော်ကြေးပေးရန်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ထပ်တိုးဘတ်ဂျက်ခွင့်ပြုငွေ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကို ခွင့်ပြုခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


