ရန်ကုန် ဒီဇင်ဘာ ၂၃

 

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မီ ခုနစ်ထပ်ဆောင်သစ် သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center)တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း၌ သွေးပြန်ရေကျိတ်ကင်ဆာ လူနာနှစ်ဦးအား ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်သည်။

 

လူနာနှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်မှ ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် လမ်းမတော်မြို့နယ်နေ ၅၈ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး အဆိုပါ ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါ အထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုကြီး/သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်ထိ ၁၀ ဦး စုစုပေါင်း ၂၅ ဦးအား ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်းမှာပင် ခြင်ဆီအစားထိုး ကုသခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်