ဗီယင်ကျန်း   ဒီဇင်ဘာ    ၂၃

လာအိုနိုင်ငံ၌  သဘာဝဘေးအန္တရာယ် လျှော့ချရေးလုပ်ငန်းအား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင်  ထည့်သွင်းသတ်မှတ်ထားကာ လုပ်ငန်းမူဘောင်များဖြင့်  ဆောင်ရွက်နေကြောင်း အလုပ်သမားနှင့်   လူမှုဖူလုံရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

အစိုးရမှ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံသားများပူးပေါင်း၍သဘာဝသယံဇာတများကို ကာကွယ်ရန်၊    သဘာဝဘေးကာကွယ်ရေးဥပဒေများကို လိုက်နာဆောင်ရွက်ရန်နှင့် နောင်ဖြစ်လာမည့် သဘာဝဘေးများကို ကြိုတင်ကာကွယ်ရန်ညွှန်ကြားခဲ့သည်။

လာမည့်နှစ်များမှစတင်၍ ခရိုင်နှင့်ဒေသများတွင် သဘာဝဘေးကာကွယ်ရေးအတွက် စွမ်းဆောင်ရည်များကို မြှင့်တင်ရန်၊ သတင်းအချက်အလက်ဖလှယ်ရန်နှင့် ကြိုတင်သတိပေးစနစ်များ အားကောင်းစေရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ သဘာဝဘေးကာကွယ်ရေး၊   အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် သဘာဝဘေးဖြစ်ပွားပြီးနောက်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းရည်များမြှင့်တင်  ဆောင်ရွက်နေကြောင်းနှင့် ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ့စွမ်းအား အရင်းအမြစ်ကန့်သတ်ချက်ရှိခြင်း၊ ဘတ်ဂျက်ကန့်သတ်ချက်ရှိခြင်းနှင့်  ခေတ်မီနည်းပညာ အားနည်းခြင်း စသည့်  စိန်ခေါ်မှုများရှိကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် ကျရောက်သည့် လာအိုနိုင်ငံ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးနေ့ အခမ်းအနားတွင် အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး ဖိုဇေး ဆေယဆုန်းက ပြောသည်။

နိုင်ငံအတွင်း ပြီးခဲ့သည့်နှစ်များအတွင်းက အပူပိုင်းမုန်တိုင်းများကြောင့် ရေကြီးရေလျှံခြင်းများဖြစ်ခဲ့ပြီး နိုင်ငံသားများ၏ အသက်အိုးအိမ်နှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကာ စီးပွားရေးတွင်လည်း ဆုတ်ယုတ်မှုများရှိခဲ့ကြောင်း ဆေယဆုန်းက ပြောသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ