လွိုင်ကော် ဒီဇင်ဘာ ၂၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ (မန္တလေးဇုန်)တွင် လှံတံပစ်အားကစားနည်းဖြင့် ပထမဆုရရှိခဲ့သည့် ကျောင်းသားအား ဂုဏ်ပြုချီးမြှင့်ငွေကို လည်းကောင်း၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးတို့က ပညာရေးဒီဂရီကောလိပ် ပေါင်းစုံအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ချီးမြှင့်ကြပြီး လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးက မောင်မယ်သစ်လွင် များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ရွေးချယ်ခံရသည့် မောင်မယ်သစ်လွင်များအား စလွယ်နှင့် သရဖူများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ကယားပြည်နယ်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တက်ရောက်လာကြသူများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် လောဓမ္မရပ်ကွက်ရှိ မဲရုံအမှတ် (၂)နှင့် (၃)တို့ ပြင်ဆင်ထားရှိမှုအခြေအနေ၊ မဲရုံတာဝန်ကျဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှုကို လည်းကောင်း၊ နမ့်ဘော်ဝမ် (ခ)နှင့် အောင်သီဟရပ်ကွက်တွင် မဲရုံများပြင်ဆင်ထားရှိမှု၊ မဲရုံတာဝန်ကျဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


