ပခုက္ကူ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက် မြင်သာဘုမ္မရပ်ရှိ ပါကဋတ္တကာရီဘုမ္မ ကျောင်းတိုက်(ဓမ္မာရုံ)၌ ဒီဇင်ဘာ ၂၂ ရက်က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။
ဟောပြောဆွေးနွေး
ဟောပြောပွဲတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းက မိတ်ဆက်စကား ပြောကြားပြီး ၂၀၂၅ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနေမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုထိခိုက်ပျက်စီးအောင် ပြုလုပ်သူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများအားလုံးက မဲပေးခြင်းဖြင့် ပါဝင်ပေးရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ကယ်ရီမောင်


