ဘားအံ ဒီဇင်ဘာ ၂၃

 

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် Diamond & Diamond Co.,Ltd ၏ ရော်ဘာသစ်ပါးလွှာစက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် ဘားအံစက်မှုဇုန် အမှတ်(၂) အကွက် အမှတ် (၈၆)ရှိ အဆိုပါစက်ရုံ၌ ကျင်းပသည်။

 

လှည့်လည်ကြည့်ရှု

 

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် Diamond & Diamond Co.,Ltd မှ တာဝန်ရှိသူများက သစ်ပါးလွှာ စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပါဝင် အားဖြည့် ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ သစ်ပါးလွှာ စက်ရုံရှိ အထပ်သားအခွံခွာအကြမ်းစက်၊ အထပ်သား အချောစက်၊ ဓားသွေးစက်၊ ဖိသိပ်ထုပ်ပိုးစက်များဖြင့် ရော်ဘာသစ်ပါးလွှာထုတ်လုပ်နေမှု၊ အရည်အသွေး ခွဲခြားပါကင်ထုပ်ပိုးထားရှိမှုနှင့် စက်ရုံထုတ်ကုန် ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းရှိ အရင်းအမြစ်များကို အခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်ရရှိစေရေး ပူးပေါင်း ပါဝင်‌ဆောင်ရွက်ကြပြီး မိမိအကျိုး၊ ဒေသနှင့် တိုင်းရင်းသား လူမျိုးများအကျိုးကို ပိုမိုကြိုးပမ်းအားထုတ်၍ ကရင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် စက်မှုဇုန်ဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဘားအံ စက်မှုဇုန်အတွင်း စက်ရုံ၊ အလုပ်ရုံများ ကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်နိုင်ရေး လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေး ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး Diamond & Diamond Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)