ရန်ကုန် ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့ညနေပိုင်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ်မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းလာရောက်ကြည့်ရှုမှုနှင့် ကြိုတင်မဲပေးနေမှုတို့ကို ကွင်းဆင်း ကြည့်ရှုသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို လည်းကောင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက် ဘုရားဇောတိ ဓမ္မာရုံနှင့် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားရှိမှုနှင့် ကြိုတင်မဲပေးနေမှု အခြေအနေများကို လည်းကောင်း၊ သင်္ဃန်းကျွန်း မြို့နယ် (က)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ၍ မဲစာရင်း အမှတ်စဉ်များကို မဲဆန္ဒရှင် ပြည်သူများ ကြိုတင်သိရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်အထိ ကပ်ထားကြေညာမည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)