နေပြည်တော် ဒီဇင်ဘာ ၂၄
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် ရုံးများ၌ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်လမြိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်)၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုရာ မဲရုံတာဝန် ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးတိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်လမြိုင်မြို့နယ် စမ်းကြီး ရပ်ကွက်နှင့် နောင်ခရီးရပ်ကွက်တို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများ၌ တတိယအကြိမ်မဲဆန္ဒရှင်များစာရင်း ကပ်ထားကြေညာထားရှိမှု၊ အများပြည်သူများ လာရောက်ကြည့်ရှုနေမှု၊ ဆန္ဒမဲ ပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ကြိုတင်မဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုပြီး တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) သရုပ်ပြ ရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


