နေပြည်တော် ဒီဇင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟို ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Alexei Bashan ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌက ဘယ်လာရုစ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပါသည့် ရွေးကောက်ပွဲကြီးကို ထောက်ခံအားပေးကြောင်း၊ ယခုလို လာရောက်လေ့လာခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်းနှင့် အထူးကျေးဇူးတင်ရှိ ကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မိမိတို့ရွေးကောက်ပွဲကို အားပေး ထောက်ခံမှု အပြည့်ဖြင့် လာရောက်လေ့လာသည့်အတွက် လှိုက်လှဲစွာကြိုဆိုကြောင်း၊ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးသည့် သံတမန်ဆက်ဆံရေးသည် ၁၉၉၉ ခုနှစ် မှ ယနေ့အထိ ၂၆ နှစ်တိုင် ရှိပြီဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ရွေးကောက်ပွဲ ကျင်းပရာတွင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာနှင့် လွယ်ကူ မှန်ကန်စွာ မဲပေးနိုင်ရေး ဆောင်ရွက်ထားမှုများ၊ အများယုံကြည်သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ၊ နှစ်နိုင်ငံရွေးကောက်ပွဲ ကော်မရှင်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟို ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ဘယ်လာရုစ်နိုင်ငံတွင်လည်း ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမှု အခြေအနေကို ဆွေးနွေး ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာ ရမည့်အစီအစဉ်များ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ အဖြစ် ဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်


