နေပြည်တော် ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချ လုပ်ကိုင် လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေ နှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်း စဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေအတွင်းရှိ တရားမဝင် လေးထပ် အဆောက်အအုံ သုံးလုံး၊ နှစ်ထပ်အဆောက်အအုံ နှစ်လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၅၀၄ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ KK Park နယ်မြေအတွင်းရှိ အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင် အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံ ဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် နှစ်ထပ်အဆောက်အအုံ ငါးလုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း အဆောက်အအုံ ၅၄ လုံးတို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် KK park နယ်မြေနှင့် ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြု နိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


