ပြင်ဦးလွင် ဒီဇင်ဘာ ၂၇
ပြင်ဦးလွင်- လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိရာ ယနေ့တွင် လာရောက်လည်ပတ်သည့် ဧည့်သည် သုံးသန်းပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။
သုံးသန်းပြည့် လာရောက်သည့်ဧည့်သည်မှာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှ ဒေါ်ခင်မာလွင် ဖြစ်ပြီး အဆိုပါဧည့်သည်အား ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) မှ တာဝန်ရှိသူများက ဧည့်သည်ဝင်ရောက်မှု သုံးသန်း ပြည့်အမှတ်တရအဖြစ် လက်ဆောင်ပန်းစည်း၊ ငွေကျပ် ငါးသိန်းပါသည့် ပန်းစည်း၊ ဂုဏ်ပြု Trophy၊ အပန်းဖြေစခန်းသို့ တစ်နှစ်စာအခမဲ့ဝင်ရောက်ခွင့် (Gold Card) နှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဧည့်သည်နှင့်အတူ ပါရှိလာသည့် မိသားစုဝင်များအား အပန်းဖြေစခန်းနှင့် မှန်တံတားဝင်ခွင့်၊ Sky Cable Car စီးနင်းမှုနှင့် ဘာဂီစီးနင်း လည်ပတ်ခြင်းများကို အခမဲ့စီစဉ်ဆောင်ရွက်ပေးသည်။
ကြိုတင်ပြင်ဆင်စီမံထားရှိ
ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) အနေဖြင့် လာရောက်အပန်းဖြေသူများ အေးချမ်း ပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကိုပါ ကြိုတင်ပြင်ဆင်စီမံထားရှိကာ အပန်းဖြေ စခန်း အဆင့်မြှင့်တင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အပန်းဖြေ စခန်းများနည်းတူ လေ့လာအပန်းဖြေဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


