ရန်ကုန် ဒီဇင်ဘာ ၂၇
၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ဒီဇင်ဘာ ၂၇ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း တတိယလုပွဲကစားခွင့် ရရှိခဲ့သည်။
အုပ်စုနောက်ဆုံးနေ့တွင် အိမ်ရှင်ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ သုံးဂိုးစီသရေကျပြီး ဗီယက်နမ် အသင်းက ဘရူနိုင်းအသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် ထိုင်းအသင်းကို သရေကစားနိုင်သဖြင့် ဗိုလ်လုပွဲ တက်ခွင့်ရခဲ့ပြီး ဗီယက်နမ်အသင်းမှာမူ တတိယလုပွဲသာ ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အိမ်ရှင်ထိုင်းအသင်းက ၁၀ မှတ်၊ အင်ဒိုနီးရှားအသင်း က ရှစ်မှတ်၊ ဗီယက်နမ်အသင်းက ခုနစ်မှတ်၊ မြန်မာအသင်းက သုံးမှတ်ရရှိပြီး ဘရူနိုင်းအသင်းမှာမူ လေးပွဲစလုံးရှုံးပြီး အမှတ်မရခဲ့ပေ။
ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အဆင့် (၁) နေရာရ ထိုင်းအသင်းနှင့် အဆင့် (၂) နေရာရ အင်ဒိုနီးရှား အသင်းမှာ ဗိုလ်လုပွဲ၊ အဆင့် (၃) နေရာရ ဗီယက်နမ် အသင်းနှင့် အဆင့် (၄) နေရာရ မြန်မာအသင်းမှာ တတိယလုပွဲ ကစားရမည်ဖြစ်သည်။ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF


