ဘာလင် ဒီဇင်ဘာ ၂၇

 

ဂျာမနီနိုင်ငံ၌ ကလေးများ လူမှုကွန်ရက်မီဒီယာ အသုံးပြုခွင့်ကို ပိတ်ပင်သွားရန် အလားအလာများ ရှိသည်ဟု ဂျာမနီနိုင်ငံ၏ ဒစ်ဂျစ်တယ်ကိစ္စရပ်များဆိုင်ရာဝန်ကြီး ကာစတန်ဝိုင်းဘာကာက ပြောသည်။

အဆိုပါပိတ်ပင်မှုမှာ မကြာသေးမီက ဩစတြေးလျနိုင်ငံ၌ချမှတ်ခဲ့သည့်  ကလေးသူငယ်များ လူမှုကွန်ရက်မီဒီယာ အသုံးပြုခွင့်ပိတ်ပင်မှုနှင့် အလားသဏ္ဌာန်တူညီသည်ဟု ဂျာမနီသတင်း အေဂျင်စီ ဒီပီအေတွင် ဒီဇင်ဘာ ၂၆ ရက်က ဖော်ပြထားသည်။

 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်သို့ ကလေးငယ်များဝင်ရောက်ခွင့် ကန့်သတ်လိုက်ခြင်းသည် မှန်ကန်သည်ထက်ပိုသည်ဟု ၎င်းက ဒီပီအေသတင်းဌာနသို့ပြောသည်။ လူငယ်များဖွံ့ဖြိုးတိုးတက်မှု တွင် လူမှုကွန်ရက်မီဒီယာ၏ သက်ရောက်မှုသည် ပိုမိုနက်ရှိုင်းသည်ဟုလည်း ထောက်ပြခဲ့သည်။

 

ကလေးငယ်များ ကျန်းမာသည့်နည်းလမ်းဖြင့် ကြီးပြင်းနိုင်ရန် မူဝါဒချမှတ်သူများက ထည့်သွင်း စဉ်းစားရန် လိုအပ်သည်ဟု လူမှုကွန်ရက်မီဒီယာမရှိဘဲ ကြီးပြင်းလာသည့် ယခင် မျိုးဆက်နှင့် နှိုင်းယှဉ်ကာ  ၎င်းကပြောကြားခဲ့သည်။ ဂျာမနီအစိုးရသည် ဒစ်ဂျစ်တယ်ခေတ်တွင် ကလေးများနှင့် လူငယ်များကို ကာကွယ်ရန် ကျွမ်းကျင်သည့် ကော်မရှင်တစ်ခုဖွဲ့စည်းထားသည်။

 

အကြံပြုချက်များကို နွေရာသီတွင် တင်ပြရန် မျှော်မှန်းထားသည်။  ကော်မရှင်၏လုပ်ငန်းများတွင် လူမှုကွန်ရက် မီဒီယာအသုံးပြုနိုင်မည့် အသက်ကန့်သတ်ချက်နှင့် ကျောင်းများတွင် မိုဘိုင်းဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ရန် ဆွေးနွေးမှုများပါဝင်မည်ဟု သိရသည်။

 

ယခုလအစောပိုင်းတွင် (INSA) အင်စတီကျုက ကောက်ယူထားသည့် စစ်တမ်းအရ ဂျာမနီနိုင်ငံသား ၆၀ ရာခိုင်နှုန်းသည် အသက် ၁၆ နှစ်အောက် ကလေးများကို လူမှုကွန်ရက်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ရန် ထောက်ခံထားကြောင်း တွေ့ရှိရသည်။

 

ဆင်ဟွာ