နေပြည်တော် ဒီဇင်ဘာ ၂၈

 

“အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲကျင်းပရန် ကြေညာထား သည့် မြို့နယ် ၁၀၂ မြို့နယ်၌ တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဇေယျာသီရိခရိုင် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များရှိ သက်ဆိုင်ရာမဲရုံများတွင် မဲရုံးမှူးများနှင့် တာဝန်ရှိသူများက မဲရုံမဖွင့်လှစ်မီမဲပုံးများအား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအား ပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီး နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံကိုဖွင့်လှစ်ကြောင်း ကြေညာသည်။

 

ထို့အတူ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်အဖွဲ့ဝင်များက နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ ရှေ့မှောက်တွင် မဲမသမာမှုများ ကင်းစင်စေရန်နှင့် မဲပေးမှုလုပ်ငန်းစဉ်များ ပိုမိုတိကျမြန်ဆန်စေရန်အတွက် အသုံးပြုထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM)၊ ထိန်းချုပ်စက် (Control Unit) နှင့် ဆန္ဒပြုစက် (Ballot Unit) များအား စစ်ဆေးပြသခြင်းကို ဆောင်ရွက်ကြသည်။

 

မဲဆန္ဒရှင်ပြည်သူများသည် နံနက် ၆ နာရီ မတိုင်မီကတည်းက ဆန္ဒမဲပေးရန် သက်ဆိုင်ရာမဲရုံများအလိုက် လာရောက်တန်းစီစောင့်ဆိုင်းကြပြီး မဲရုံဖွင့်လှစ်ချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့်အတူ မဲစာရင်းနံပါတ်များတိုက်ဆိုင်စိစစ်၍ လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နေရာတို့အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို MEVM စက်အသုံးပြု၍ လွတ်လပ်စွာဆန္ဒမဲပေးကြသည်။

 

 

 

မဲရုံများအလိုက် လာရောက်ဆန္ဒမဲပေးကြသည့် ပြည်သူများလွတ်လပ်လုံခြုံအေးချမ်းစွာ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ခြင်း ရှိ၊ မရှိကို ပြည်တွင်း ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များက လာရောက်စောင့်ကြည့်ကြပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာများကလည်း လွတ်လပ်စွာ သတင်းရယူကြသည်။

 

မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ရှေ့မှောက်၌ မဲပေးစက် (Control Unit)မှ ရလဒ်များကို ထုတ်ယူကာ စနစ်တကျရေတွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။

 

ယနေ့ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၆ သန်းကျော်ရှိပြီး မဲဆန္ဒနယ် ၆၉၂ နယ်၌ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ယှဉ်ပြိုင်သည့် ပါတီခြောက်ပါတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအတွင်းတွင် ယှဉ်ပြိုင်သည့် ပါတီ ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၄၈၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အတူ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း ၉၀၉၈၃၂ ရှိပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ရှစ်နယ်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နယ် စုစုပေါင်း မဲဆန္ဒနယ်ကိုးနယ်၌ မဲရုံစုစုပေါင်း ၆၂၆ ရုံတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ ငါးဦးအပါအဝင် နိုင်ငံရေးပါတီ ခုနစ်ပါတီမှ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။                     

 

သတင်းစဉ်