ကာရာကတ် ဒီဇင်ဘာ ၂၈
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက အမေရိကန်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံအပေါ် ဝင်ရောက်စွက်ဖက်ခြင်းမရှိပါက အပြန်အလှန်လေးစားမှုကို အခြေခံ၍ အမေရိကန်သမ္မတထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း ယမန်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်နှင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သာယာဝပြောရေးလမ်းကြောင်းကို ရှာဖွေရန် ဆန္ဒရှိကြောင်း သမ္မတ မာဒူရိုက ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံအတွင်း၌ မတည်မငြိမ်ဖြစ်စေသော ကြိုးပမ်းမှုများနှင့် အစိုးရကိုဖြုတ်ချရန် အမေရိကန်၏ ကြိုးပမ်းမှုများကိုလည်း သမ္မတမာဒူရိုက ဝေဖန်ခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ၏ အခြေအနေမှန်နှင့်ပတ်သက်သည့် သတင်းများဖော်ပြရန် အမေရိကန်မီဒီယာများကို သမ္မတ မာဒူရိုက တောင်းဆိုခဲ့သည်။ အမေရိကန်သည် မူးယစ်ဆေးဝါး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဗင်နီဇွဲလားအနီးရှိ ကာရေဘီယံရေပြင်တွင် အကြီးစားလေကြောင်းနှင့် ရေတပ်တပ်ဖွဲ့များကို လအတော်ကြာ တပ်ဖြန့်ချထားသည်။
ကာရေဘီယံနှင့် ပစိဖိတ်အရှေ့ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးကုန်ကူးသည့် သင်္ဘော ၃၀ ခန့်ကို တိုက်ခိုက်နစ်မြုပ်စေခဲ့ပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


