နေပြည်တော် ဒီဇင်ဘာ ၂၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ-တောင်ကြီး (အသွား/အပြန်)ရထားခရီးစဉ်ကို ခရစ္စမတ်ရုံးပိတ်ရက် ကာလဖြစ်သည့် ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်တိုင်တိုင် ပြေးဆွဲပေးခဲ့ရာ ရထားစီးခရီးသည် စီးနင်းမှုများပြားခဲ့ကြောင်း သိရသည်။

တစ်ရက်နှစ်ကြိမ် အသွား/အပြန် ပြေးဆွဲ

ရှုခင်းကြည့်ရထားခရီးစဉ်ကို ပြည်သူများကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည် များပြားမှုကြောင့် ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၇ ရက်တို့ တွင် တောင်ကြီးဘူတာမှ နံနက် ၉ နာရီနှင့် မွန်းလွဲ ၁ နာရီခွဲတို့တွင် တစ်ရက်နှစ်ကြိမ် အသွား/အပြန် ပြေးဆွဲပေးခဲ့သည်။

ရထားစီးနင်းမှုအနေဖြင့် ဒီဇင်ဘာ ၂၅ ရက်တွင် ပြည်နယ် ဆည်မြောင်းရုံးမှဝန်ထမ်းနှင့် မိသားစုများ၊ နမ့်ဆန်မြို့သူ/ မြို့သားများ၊ ရန်ကုန်မြို့မှ ခရီးသွားဧည့်သည်များ၊ တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက်သူ/ရပ်ကွက်သားများ၊ ကမ္ဘောဇဘဏ် ဝန်ထမ်းမိသားစုများနှင့် ကျန်ခရီးသည်များ လိုက်ပါကြပြီး နှစ်ခေါက်ပေါင်းခရီးသည် ရိုးရိုးတန်း ၃၇၂ ဦး၊ အထက်တန်း ၁၂၀ စုစုပေါင်း ၄၉၂ ဦး၊ ဒီဇင်ဘာ ၂၆ ရက်တွင် လွယ်ကောင်းရွာနှင့် ပလီလင်းရွာတို့မှ မိသားစုများ၊ စဝ်စံထွန်းဆေးရုံမှ ဝန်ထမ်းများနှင့် ကျန်ခရီးသည်များလိုက်ပါကြပြီး ရိုးရိုးတန်းခရီးသည် ၁၈၆ ဦး၊ အထက်တန်း ၆၀ စုစုပေါင်း ၂၄၆ ဦး၊ ဒီဇင်ဘာ ၂၇ ရက်တွင် Zumbar စက်ဘီးစီးအဖွဲ့များ၊ပြည်နယ်စည်ပင်ရုံး ဝန်ထမ်းမိသားစုများ၊ ရန်ကုန်မြို့မှခရီးသွား ဧည့်သည်များ၊ တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်သူ/ရပ်ကွက်သားများနှင့် ကျန်ခရီးသည်များ လိုက်ပါကြပြီး နှစ်ခေါက်ပေါင်း ခရီးသည် ရိုးရိုးတန်း ၃၅၇ ဦး၊ အထက်တန်း ၁၂၀ စုစုပေါင်း ၄၇၇ ဦးနှင့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြင်ပ အင်္ဂလိပ်စာသင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များ၊ အမှတ်(၅)ဈေးသူ ဈေးသားများနှင့် ကျန်ခရီးသည်များ လိုက်ပါကြပြီး ရိုးရိုးတန်းခရီးသည် ၁၈၆ ဦး၊ အထက်တန်း ၆၀ စုစုပေါင်း ၂၄၆ ဦး ဖြစ်ကြောင်း သိရသည်။

တောင်ကြီး-ပေါမူ ခရီးစဉ်မှာ ၁၁ ဒသမ ၄၁ မိုင်ကွာဝေးပြီး ပြေးဆွဲချိန် တစ်နာရီခွဲ ကြာမြင့်၍ တောင်ကြီးဘူတာမှ နံနက် ၉ နာရီ စတင်ထွက်ခွာကာ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီး ဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ ၁၅ မိနစ်ရပ်တန့် ပေးခဲ့ပြီး ပေါမူဘူတာသို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိ၍ ရထားတွဲဆိုင်းအား တောင်ကြီး ဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေးကာ ပေါမူဘူတာမှ နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာပြီး တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိ သည်။ ထို့အတူ တောင်ကြီးဘူတာ မှ မွန်းလွဲ ၁ နာရီခွဲတွင် ထွက်ခွာသည့် ခရီးစဉ်တွင် တောင်ကြီးဘူတာသို့ ညနေ ၅ နာရီ ပြန်လည်ရောက်ရှိသည်။

ပြေးဆွဲသည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်း သုံးတွဲ၊ ရိုးရိုးတန်း နှစ်တွဲနှင့် ရထားထိန်း တွဲတစ်တွဲဖြစ်ပြီး တောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ် အတွက် လက်မှတ်ခနှုန်းထားမှာ အထက်တန်းတွဲအတွက် တစ်ဦး လျှင်ငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်။

နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အဆိုပါ တောင်ကြီး-ပေါမူ အသွား/ အပြန် ခရီးစဉ်အတွက် အထက်ပါ သတ်မှတ်နှုန်းထားဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှု လုပ်ငန်းများမှ ရထားအဆိုင်းလိုက်(တစ်စင်းလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်