ဒီဇင်ဘာ ၃၀
ဂျပန်နိုင်ငံတွင် ယခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း နိုင်ငံအတွင်း ဖမ်းဆီးရမိသော ဝက်ဝံအရေအတွက် စံချိန်တင်မှုရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ခရိုင် ၃၁ ခုတွင် စုစုပေါင်း ဝက်ဝံအကောင်ရေ ၉၈၆၇ ကောင်ရှိရာ ထိုဝန်ကြီးဌာနက ၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် စာရင်းအင်းများ စတင်ထိန်းသိမ်းသည့်နောက်ပိုင်းကာလအတွင်း အများဆုံးဖြစ်သည်ဟု သိရသည်။
နိုင်ငံအရှေ့မြောက်ပိုင်း တိုဟိုကုဒေသရှိ ခရိုင်ခြောက်ခုတွင် စုစုပေါင်းဝက်ဝံအကောင်ရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အာကီတာတွင် ၁၉၇၃ ကောင်ရှိရာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ အာအိုမိုရီနှင့် ဖူကူရှီးမားတို့ဖြစ်ပြီး ၁၁၅၀ ခန့်ရှိကြောင်း ဖော်ပြထားသည်။
မြို့ပြဒေသများတွင် ဝက်ဝံများကို မကြာခဏတွေ့ရခြင်းကြောင့် ဖမ်းဆီးရမိမှုများ သိသိသာသာမြင့်တက်လာခြင်း ဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
ဝက်ဝံများကို ဖမ်းဆီးနိုင်သော မုဆိုးအရေအတွက် ကျဆင်းသွားခဲ့ကြောင်း၊ ရိုင်ဖယ်နှင့် သေနတ်ပြောင်းများ အသုံးပြုရန်အတွက် လိုအပ်သော လိုင်စင်ရှိသူအရေအတွက်သည် ၁၉၈၅ ဘဏ္ဍာရေးနှစ်တွင် ၂၉၇၀၀၀ မှ ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၈၄၄၀၀ အထိ ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း ယင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အစိုးရက နွေဦးရာသီတွင် ဆောင်းခိုရာမှ နိုးထလာသည့် ဝက်ဝံများအား ပိုမိုဖမ်းဆီးရန် စီစဉ်ထားပြီး လူများနေထိုင်ရာနေရာများနှင့် ဝက်ဝံများ၏ နေထိုင်ရာများကို ခွဲခြားရန် ဇုန်ခွဲခြားမှုအခြေခံ ထိန်းချုပ်မှုကိုလည်း လက်ခံကျင့်သုံးရန် ရည်ရွယ်ထားသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


